မန်းမီးလောင်မှုဖြစ်စဉ်က အမျိုးသားတစ်ဦး ဆေးကုသမှုခံယူရင်း သေဆုံး

Author အညာသား
Categories
Published on Jun 01, 2024

မန္တလေးမှာ မနေ့ မေလ ၃၁ရက် မနက်ပိုင်းက ချမ်းအေးသာစံမြို့နယ် ၈၁လမ်းနဲ့ ၈၂လမ်းကြား၊ ၃၂လမ်းနဲ့ ၃၃လမ်းကြားရှိ လျှပ်စစ်နဲ့ မီးဖိုချောင်သုံးပစ္စည်းအရောင်းဆိုင်မှာ ဂက်စ်အိုးဖလှယ်ရာကနေ ယိုစိမ့်မှုဖြစ်ပြီး မီးလောင်ကျွမ်းခဲ့ရာ လူဆယ်ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အနက် တစ်ဦးဟာ ဆေးကုသမှုခံယူရင်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

 

အဲဒီမီးလောင်မှုကြောင့် နေအိမ် သုံးလုံး ပျက်စီးခဲ့သလို အမျိုးသား၊အမျိုးသမီး ဆယ်ဦးကျော် မီးသင့် ဒဏ်ရာရတယ်လို့ သိရပြီး သေဆုံးခဲ့တဲ့ ကိုတာတီး(ခ) ကိုသိန်းစိုး နာရေးကို မနက် ၁၀နာရီက ၈၂ လမ်း၊၃၂လမ်းနဲ့၃၃လမ်းကြား ရသာတန်းဝင်းအနောက်ပေါက်ကနေ အေးရိပ်ငြိမ်သုသာန်ကို ပို့ဆောင်သဂြိုလ်ခဲ့တယ်လို့ သိရပါတယ်။

 

” မနေ့က ဆေးရုံရောက်တော့ သူ့ကိုအောက်ဆီဂျင်ပေးထားတာ။ အဲ့ဒီမှာ သတိပြန်ရပြီး မျက်လုံးကတော့ မီးဟပ်တဲ့အရှိန်ကြောင့် မမြင်ရဘူး။ ဒဏ်ရာကပြင်းတော့ ဆုံးသွားတယ် “လို့ သူနဲ့နီးစပ်တဲ့ မိတ်ဆွေတစ်ယောက်က ပြောပါတယ်။

 

အလားတူ မေ ၃၁ရက် အချိန်က မန္တလေး ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက် ၄၉လမ်းနဲ့ လမ်း၅၀ကြား (၁၁၁)လမ်းထောင့်မှာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပါသေးတယ်။

 

မန္တလေးမြို့မှာ အခု မီးလောင်ကျွမ်းမှုအပါအဝင် မေလအတွင်း မီးလောင်ကျွမ်းမှု ခုနစ်ကြိမ် ဖြစ်ပွားခဲ့ရာက လူနေအိမ် အလုံး (၄၀) ထက်မနည်း မီးလောင်ဆုံးရှုံးမှုကြုံခဲ့ပြီး အိမ်ထောင်စု (၅၀) ခန့် မီးဘေးသင့်ခဲ့တယ်လို့ မီးလောင်မှုဖြစ်စဉ်တွေအရ သိရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်