TNLA ထိန်းချုပ်ဧရိယာထဲ အစိုးရအဆက်ဆက်ခွင့်ပြုထားတဲ့ လုပ်ငန်းလိုင်စင်တွေအားလုံးကိုပယ်ဖျက် မြေရှားသတ္တုတူးဖော်ခွင့်လည်း ရပ်ဆိုင်း

Author လဂွန်းအိမ်
Categories
Published on Jun 01, 2024

ရှမ်းပြည်(မြောက်ပိုင်း) ၁၀၂၇ ကာလထဲ TNLA ထိန်းချုပ်နိုင်ခဲ့တဲ့ တအောင်းဒေသအတွင်း အစိုးရအဆက်ဆက် ခွင့်ပြုထားတဲ့ သတ္တုလုပ်ငန်းတွေအပါအဝင် လုပ်ငန်းလိုင်စင်၊ ခွင့်ပြုမိန့်၊ အမိန့်စာအားလုံးကို အသိအမှတ်မပြုဘဲ ပယ်ဖျက်လိုက်တယ်လို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)က မနေ့ မေလ ၃၁ ရက် ညပိုင်းက ထုတ်ပြန်လိုက်ပါတယ်။

 

နမ္မတူ သတ္တုတူးဖော်ရေးလုပ်ငန်းအပါအဝင် အဲဒီက လုပ်ငန်းတွေအားလုံးအနေနဲ့ PSLF/TNLA ဆီ နိုဝင်ဘာလ ၃၀ ရက်နောက်ဆုံးထားပြီး ပြန်လည်လျှောက်ထားရမယ်လို့ ဆိုထားပြီး PSLF/TNLA  ခွင့်ပြုချက်မရရှိသေးခင်အချိန်အထိ လုပ်ငန်းတွေအားလုံး ရပ်ဆိုင်းထားရမှာဖြစ်တယ်လို့ ထည့်သွင်းပြောဆိုထားပါတယ်။

 

PSLF/TNLA ရဲ့ လုပ်ငန်းလုပ်ကိုင်ခွင့် ခွင့်ပြုချက်ကို သတ်မှတ်ကာလအတွင်းရယူမှုမရှိဘဲ လုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်နေမယ်ဆိုရင် လုပ်ငန်းနဲ့သက်ဆိုင်တဲ့ ရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း၊ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းအားလုံး တအောင်းပြည်သူပိုင်အဖြစ် သိမ်းဆည်းမယ်လို့ ကြေညာချက်ထဲပါရှိပါတယ်။

 

ဒါ့အပြင် တအောင်းဒေသအတွင်း မြေရှားသတ္ထု စမ်းသပ်ရှာဖွေ တူးဖော်ထုတ်လုပ်တဲ့လုပ်ငန်းတွေ အများအပြားရှိနေပြီး အဲဒီလုပ်ငန်းတွေကိုလည်း ရပ်ဆိုင်းထားရမှာဖြစ်သလို ဆက်လက်လုပ်ကိုင်လိုရင်  PSLF/TNLA  ခွင့်ပြုချက်ကို ရယူရမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

တအောင်းဒေသရဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအပါအဝင် တခြားရေရှည်အကျိုးစီးပွားအတွက် အစီအမံတွေဆောင်ရွက်နေတဲ့ကာလဖြစ်တာကြောင့် အခုလိုလုပ်ငန်းတွေရပ်ဆိုင်းထားရတာဖြစ်ပြီး လိုက်နာဆောင်ရွက်မှုမရှိဘူးဆိုရင် အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

 

၁၀၂၇ စစ်ဆင်ရေးအတွင်း PSLF/TNLA က ရွှေကျောရှိရာ ကျောက်မဲခရိုင်အတွင်းရှိ နမ္မတူမြို့နယ်တစ်ခုလုံးကို ဒီဇင်ဘာ ၂၈ ရက်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး နမ္မတူမြို့ရှိ ဘော်တွင်းသတ္ထုတွင်းကိုလည်း ရရှိခဲ့ပါတယ်။

 

ဘော်တွင်းဒေသအတွင်း လုပ်ကိုင်ကြမယ့် ကုမ္ပဏီတွေကိုလည်း  PSLF/TNLA  စိစစ်ပြီး ပြန်လည်ပတ်နိုင်ဖို့ လုပ်ဆောင်နေတဲ့အပြင် ဘော်တွင်းသတ္တုတွင်းက ထုတ်လုပ်ထားတဲ့ သတ္တုရိုင်းအချောထည်တွေကို PSLF/TNLA ထိန်းချုပ်မှုအောက်ရှိ နမ့်ခမ်းမြို့ကနေတစ်ဆင့် တရုတ်နိုင်ငံကို တင်သွင်းမှုတွေရှိနေခဲ့တယ်လို့လည်း သိရပါတယ်။

 

ဓာတ်ပုံ – Google

 

ပုံစာ – နမ္မတူဘော်တွင်းသတ္တုတွင်း လုပ်ငန်းခွင်တစ်နေရာကို တွေ့မြင်ရစဉ်