မင်းတပ်မှာ တစ်ရက်တည်း လေကြောင်းကနေ ၂ ကြိမ် တိုက်ခိုက်ခံရလို့ အရပ်သား ၈ ဦး ဒဏ်ရာရ

Author ဆလိုင်း
Categories
Published on Jun 01, 2024

ချင်းပြည်၊ မင်းတပ်မြို့နယ်မှာ စစ်ကောင်စီရဲ့ တစ်ရက်တည်း လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ခံရလို့ အရပ်သား ရှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

 

ချပ်ကျေးရွာမှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီက မနေ့ မေလ ၃၁ ရက် နံနက် ၁ နာရီခန့်က တံတားဦး လေတပ်မှ ရဟတ်ယာဉ်နှစ်စီးဖြင့် ပေါင် ၅၀ဝ ဗုံးသီး နှစ်လုံးနဲ့ကြဲချခဲ့တာကြောင့် အရပ်သား ၆ ဦး ဒဏ်ရာရရှိကာ အိမ်မွေးတိရစ္ဆာန့်အချို့ ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက CJ Platform သို့ပြောပါတယ်။

 

“ရွာမှာ ဘာတိုက်ပွဲမှမရှိဘဲ စစ်တပ်က လူအိပ်မောကျချိန် ဗုံးလာကြဲသွားတယ်။ အသံက အရမ်းကျယ်ပြီး မြေကြီးပါ တုန်သွားတယ်” လို့ သူက ဆိုပါတယ်။

 

အဲဒီနောက် နန်းဘုံကျေးရွာကို မနေ့ ညနေ ၆ နာရီဝန်းကျင်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ် ထပ်မံ ပြုလုပ်ခဲ့လို့ အရပ်သား နှစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

 

ဒါ့အပြင် မင်းတပ်အခြေစိုက် ခလရ ၂၇၄ တပ်ရင်းကနေလည်း ဘာတိုက်ပွဲမှမရှိဘဲ နန်းဘုံရွာထဲသို့ လက်နက်ကြီးကျည် ရမ်းသမ်းပစ်ခတ်ခဲ့သေးတယ်လို့ ဒေသခံ အမျိုးသားတစ်ဦးက CJ Platform သို့ပြောပါတယ်။

 

မင်းတပ်မြို့နယ်မှာ စစ်ကောင်စီရဲ့ ရက်ဆက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်တာကြောင့် အရပ်သားတွေဟာ သူတို့ရဲ့ နေအိမ်တွေမှာ မအိပ်ရဲတော့ဘဲ ပုန်းခိုကျင်းနဲ့ ဥယျာဉ်ခြံတွေမှာ ပြောင်းရွှေ့အိပ်စက်နေရတယ်လို့ သိရပါတယ်။

 

မင်းတပ်မြို့နယ်မှာ ပြီးခဲ့တဲ့ ဧပြီလတွင်း လေကြောင်းတိုက်ခိုက်မှုတွေထဲ ဒေသခံ ငါးဦး သေဆုံးပြီး ၃၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ချင်းလဲန်းကာကွယ်ရေးတပ်(မင်းတပ်)က မေလ ၃ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

 

ဓာတ်ပုံ – ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(မင်းတပ်)

 

ပုံစာ – ဝမ္မသူးဆေးရုံ လေကြောင်းတိုက်ခိုက်ခံခဲ့ရစဉ်က(ပုံဟောင်း)