စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်က ထီဗွာရွာကို ဖျက်ဆီးပြီး ဘုရားဆင်းတော်တုပါမချန် လုယက်သွား

Published on Jun 01, 2024

ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်နဲ့ ကရင်နီ(ကယား)ပြည်နယ် နယ်စပ်မှာရှိတဲ့ ထီဗွာ(ရေဖြူ) ကျေးရွာမှာ တပ်စွဲထားတဲ့ ခမရ (၄၂၃)၊ တပ်မ (၅၅) လက်အောက်ခံတပ်တွေနဲ့ PNO ပြည်သူ့စစ်တွေဟာ သုံးရက်ဆက်တိုက် ထီဗွာ(ရေဖြူ)ကျေးရွာကို စစ်ကြောင်းထိုးပြီး ပစ်ခတ်မှုတွေလုပ်ဆောင်ကာ ဒေသခံပြည်သူတွေရဲ့ ပစ္စည်း ဥစ္စာတွေကို လုယက်ယူဆောင်သွားတယ်လို့ ပအိုးဝ်လွတ်မြောက်ရေးတပ်မတော် PNLA ရဲ့ ဇွန်လ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တွေဟာ မေလ ၁၅ ရက်ကနေ ၁၇ ရက်ထိ သုံးရက်ဆက်တိုက် စစ်ကြောင်းထိုးပြီးနောက် ကျေးရွာက နေအိမ်တွေကိုပါ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၂၄လုံးထက်မနည်း မီးလောင်ပျက်စီးသွားခဲ့ပါတယ်။

အလားတူ မေလ ၁၆ ရက်၊ ၁၇ ရက် ၊၁၈ရက် နဲ့ မေလ၂၇ရက်နေ့တွေက ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာနဲ့ ကောင်ဝိန်းကြီးကျေးရွာထဲကို စစ်ကောင်စီက လက်နက်ကြီးနဲ့ အကြိမ် ၁၀၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် နောင်ကျောကျေးရွာက နေအိမ် ၁၀ အိမ် ထက်မနည်း၊ ကောင်ဝိန်းကြီးကျေးရွာက နေအိမ် (၈)အိမ်ထက်မနည်း ထိခိုက်ပျက်စီးခဲ့တဲ့အပြင် နောင်ကျောကျေးရွာ ဘုန်းကြီးကျောင်း သိမ်ကျောင်းဆောင်လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ PNLA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ခွန်ရိန်းယံ က CJ Platform ကိုပြောပါတယ်။

“ ပြည်သူတွေကတော့ တစ်သောင်းကျော်ပြေးနေရတာပေါ့ ရှမ်းနဲ့ ကရင်နီနယ်စပ်မှာ နေနေတယ် စစ်ကောင်စီတပ်နဲ့ လက်အောက်ခံတွေ အများစုက တော့ ကရင်နီဘက်မှာ ဆင်းသွားတယ် ဒီမှာစစ်ကြောင်းထိုးနေတာတော့ တပ်ပေါင်းစုံပဲ” လို့ သူကဆိုပါတယ်။

 

ဒါ့အပြင် စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တွေဟာ သူတို့ရောက်ရှိတဲ့ ကျေးရွာတွေမှာ ဒေသခံပြည်သူတွေရဲ့ ပစ္စည်းတွေကို ခိုးယူသယ်ဆောင်ပြီး ကား၊ ဆိုင်ကယ်တွေ အပြင် ကုန်စုံဆိုင်အတွင်းရှိ ပစ္စည်းတွေကို လည်း သိမ်းယူခဲ့ပြီးနောက် ကြေးဆင်းတုတော်၊ ငွေဆင်းတု‌တော်တွေပါ ခိုးယူခဲ့ကြပြီး နောင်ကျောကျေးရွာက ဒေသခံတွေရဲ့ ပစ္စည်းတွေကို စစ်ကောင်စီတပ်ဖွဲ့တွေက ခမရ ၄၂၃ တပ်အတွင်းကို ကားတွေနဲ့ အကြိမ်ကြိမ် သယ်ယူခဲ့တယ်လို့ အဆိုပါ သတင်းတာဝန်ခံက ဆိုပါတယ်။

 

ထီဗွာကျေးရွာမှာ စစ်ကောင်စီတပ်ဟာ အင်အား ၅၀၀ ကျော်နဲ့ ခုချိန်ထိ တပ်စွဲထားပြီး အများစု ဟာ ကရင်နီဘက်ကို စစ်ကြောင်းဆက်ထိုးဖို့ ဆင်းသွားကာ အချို့က ထီဗွာကျေးရွာမှာ ကျန်ရှိနေတယ်လို့ သိရပါတယ်။

 

တဘက်ကျေးရွာအုပ်စု၊ နောင်ကျောကျေးရွာအုပ်စု၊ တောင်ရှေ့ကျေးရွာအုပ်စု၊ နားခိုက်ကျေးရွာအုပ်စုတွေမှာ မေလအတွင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) နဲ့ စစ်ကောင်စီတပ် ၊ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တပ်တို့အကြား တိုက်ပွဲ ၂၄ ကြိမ်ဖြစ်ပွားခဲ့ပြီး ဆီဆိုင်မြို့နယ် ကောင်ဝိန်းကြီး၊ နောင်ကျော၊ နောင်ရင်း ၊ ရေဖြူ၊ ကန်တော်လေး ကျေးရွာတွေနဲ့ ကျေးရွာ နှစ်ဆယ်ကျော်က လူဦးရေ ၁၃၄၀၀ ကျော် ဟာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကာ တိုက်ပွဲအတွင်း စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ် ၄၂ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ- PNLA