အင်းစိန် အနောက်ကြို့ကုန်းရပ်ကွက်ရုံး ပစ်ခတ်မှုမှာ ရာအိမ်မှူး ပြင်းထန်ဒဏ်ရာရ

Author ကိုထက်
Categories
Published on Jun 01, 2024

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ အနောက်ကြို့ကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ မေလ ၃၀ ရက် ညပိုင်းကဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုအတွင်း ရာအိမ်မှူးတစ်ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

 

အဲဒီညက သေနတ်သံ ဆယ်ချက်လောက်ကြားရပြီး ရုံးထဲမှာ ဧည့်စာရင်းကိစ္စနဲ့ ရောက်နေတဲ့ ရာအိမ်မှူးတစ်ဦး ဦးခေါင်းနဲ့ ခန္ဓာကိုယ်တွေကို သေနတ်ထိမှန်ခဲ့တယ်လို့ ကြို့ကုန်းအနောက်ရပ်ကွက်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

 

“ဖြစ်တဲ့ညက ဆယ်ချက်လောက်ကြားရတာ။ ထိသွားတဲ့သူရှိတာကိုတော့ ဒီနေ့(ဇွန် ၁ ရက်)မှ ကြားတာ။ ရာအိမ်မှူးတစ်ယောက်လို့ပြောတယ်။ ခေါင်းလည်းထိတယ်ပြောတယ်။ တခြားနေရာတွေလည်း ထိတယ်တဲ့။ သေနတ်ပစ်ချက် များတယ်ထင်တယ်” လို့  သူက ပြောပါတယ်။

 

အဲဒီရပ်ကွက်ရုံး ပစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်မှာ အနောက်ကြို့ကုန်းရပ်ကွက်ထဲ အရပ်ဝတ်ထားသူတွေဟာ သေနတ်ကိုင်သွားလာနေကြတာမျိုးတွေလည်း တွေ့ရတယ်လို့ ‌ရပ်ကွက်နေသူတွေက ဆိုပါတယ်။

 

အခုပစ်ခတ်မှုကို ဘယ်အဖွဲ့ကလုပ်ခဲ့တာလဲဆိုတာကိုတော့ တော်လှန်ရေးအဖွဲ့တွေဘက်က မထုတ်ပြန်သေးပါဘူး။ ရန်ကုန်မှာ စစ်မှုထမ်းဥပဒေဖော်ဆောင်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေ တိုက်ခိုက်ခံရမှုတွေ ရှိနေတာပါ။

 

ပြီးခဲ့တဲ့ ဧပြီလကလည်း အင်းစိန်မြို့နယ် ပေါက်တောရပ်ကွက်အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါ‌သေးတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်