ကျားဖြန့်နှိမ်နင်းမှုအတွင်း ထိုင်းဘက်မှာ ထိန်းသိမ်းထားတဲ့ တရုတ်နိုင်ငံသား ၁၀၀ ကို နေရပ်ပြန်ပို့

Author CJ Platform
Categories
Published on Dec 16, 2025

မြန်မာဘက်က ကျားဖြန့်လုပ်ငန်းတွေကနေ နေရပ်ပြန်ဖို့ ထိုင်းဘက်က ယာယီထိန်းသိမ်းရေးစခန်းမှာ ထိန်းသိမ်းထားတဲ့ တရုတ်နိုင်ငံသား ၁၀၀ ကို ဒီနေ့ ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ မဲဆောက် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေတဆင့် တရုတ်နိုင်ငံကို လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။

 

ကျားဖြန့်နှိမ်နင်းမှုတွေကြောင့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က ယာယီထိန်းသိမ်းရေးစခန်းမှာ ထိန်းသိမ်းခံထားရတဲ့ တရုတ်နိုင်ငံသား ၃၀၀ ကျော်ရှိပြီး အဲဒီထဲက ၁၀၀ ဦးကို ဒီနေ့မှာ ထိုင်းအာဏာပိုင်တွေက နေရပ် ပြန်လွှဲပြောင်းပေးလိုက်တာ ဖြစ်ပါတယ်။

 

အဲဒီ တရုတ်နိုင်ငံသားတွေဟာ ယာယီထိန်းသိမ်းရေးစခန်းမှာ ထိန်းသိမ်းခံနေရစဉ် ဒီဇင်ဘာလ ၉ ရက်နေ့မှာ ထိန်းသိမ်းထားတဲ့ အကာအရံတွေကို ချိုးဖျက်ဖို့ ကြိုးစားပြီး ဆူပူတဲ့ဖြစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။ ဒါကြောင့် ဒီဖြစ်ရပ်မှာ ဦးဆောင်သူလို့ ယူဆရသူ တရုတ်နိုင်ငံသား ၁၅ ဦးကိုတော့ အများပိုင်ပစ္စည်း ဖျက်ဆီးမှုနဲ့ တရားစွဲဆိုခံထားရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

 

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းက ကျားဖြန့်နှိမ်နင်းမှုတွေကြောင့် ထိုင်းဘက်ကို ထွက်ပြေးလာတဲ့ နိုင်ငံခြားသား တစ်ထောင်ကျော်ကို ထိုင်းစစ်တပ်က စိစစ်လက်ခံထားတာ ဖြစ်ပါတယ်။

 

ကရင်အမျိုးသားအစည်းအရုံး (KNU) ကလည်း အခုနှစ် ဒီဇင်ဘာလ လဆန်းပိုင်းမှာ မြဝတီမြို့၊ မင်းလက်ပံရွာ၊ Shunda Park ကျားဖြန့်ခြံဝင်းကို ဝင်ရောက်စီးနင်းပြီးနောက် နိုင်ငံခြားသားပေါင်း ၁၁၃၀ ကို ထိုင်းဘက်ကို လွှဲပြောင်းထားတယ်လို့ ထုတ်ပြန်ထားပါတယ်။ အဲဒီထဲမှာ တရုတ်နိုင်ငံသား ၆၉၃ ဦး ပါဝင်ပြီး မြန်မာဘက်ခြမ်းက သောင်ရင်းမြစ်ကမ်းမှာ လက်ရှိအချိန်ထိ နေထိုင်နေသူ ၁၁၇ ဦး ရှိတယ်လို့ သိရပါတယ်။

 

တရုတ်ပြည်သူ့လုံခြုံရေးဌာနက ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်တဲ့ စာရင်းတွေအရ အခုလအစောပိုင်းကတည်းက ထိုင်းဘက်ရောက်တဲ့ တရုတ်နိုင်ငံသား ၁ ထောင်ကျော်ကို လွှဲပြောင်းလက်ခံထားတယ်လို့ ဆိုပါတယ်။

 

ဓာတ်ပုံ – အောင်အောင်