ရွှေဘိုမှာ တစ်ရက်တည်း လေကြောင်းတိုက်ခိုက်မှု ဆယ်နဲ့ချီကြုံတွေ့ရပြီး ဆရာတော်တစ်ပါး ပျံလွန်တော်မူကာ ပြည်သူ သုံးဦး သေဆုံး
စစ်အုပ်စုက ဒီကနေ့ ဒီဇင်ဘာ ၁၆ ရက် တစ်ရက်တည်းမှာ ရွှေဘိုမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၂၀ ခန့် ပြုလုပ်ခဲ့တာကြောင့် ဆရာတော်တစ်ပါးပျံလွန်တော်မူပြီး ပြည်သူသုံးဦး သေဆုံးခဲ့တယ်လို့ Wetlet Informational Network ဆီက သိရပါတယ်။
စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်တဲ့ ရွှေဘိုမြို့နယ် အရှေ့မြောက်နဲ့ အရှေ့တောင်ပိုင်းဒေသရှိ တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ နေရာတွေကို နံနက် ၁၀ ခန့်ကနေ ၁ နာရီခန့်အထိ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“ရွှေဘိုမြို့နယ် အရှေ့ဘက်ခြမ်း ဗျူဟာလမ်းမကြီးမှာ ကြဲတာပါ ၊ ဘာလို့ကြဲလည်းတော့ သေချာမသိဘူးဗျ ခရီးသွားကားတန်းတွေတော့ ရှိနေတာပါ ၊ လူသေဆုံးမှုတွေရှိပါတယ်ဗျ” လို့ ရွှေဘိုမြို့နယ်၊ ပကဖ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
စစ်အုပ်စုဟာ ဂျက်ဖိုက်တာ ၊ ဂျိုင်ကော်ပတာတွေနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုကြောင့် ရွှေဘိုမြို့နယ်အတွင်း ခရီးသွားကားတွေပျက်စီးတာနဲ့ လူသေဆုံးမှုတွေဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
“ ကားတွေက အထက်ပိုင်းကိုသွားတဲ့ကားတွေဗျ၊၊ ကွင်းလမ်းတွေကမှသွားတဲ့အခါမှာ စကစက အဲဒီနေရာတွေကို လေကြောင်းတိုက်ခိုက်မှုအဓိကပစ်မှတ်ထားပြီးလုပ်သွားတယ်ဗျာ” လို့ Wetlet Informational Network တာဝန်ရှိသူတစ်ဦးက CJ Platform ကိုပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်ကလည်း ရွှေဘိုမြို့ နယ်အရှေ့ခြမ်းရှိ သစ်ချိုပင်ကျေးရွာကို စစ်အုပ်စုက လေယာဥ်နဲ့ဗုံးကြဲခဲ့တာကြောင့် ၇ နှစ်အရွယ်ကလေး တစ်ဦးနဲ့ လင်မယား နှစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ – Wetlet Informational Network
