NUG ၊ EROs နဲ့ SRA အင်အားစုကြီးသုံးခုရဲ့ စစ်ရေးဖော်ဆောင်မှုဟာ တော်လှန်ရေးရဲ့ အလှည့်အပြောင်းတစ်ခုဖြစ်လာမယ်လို့ ခွန်ဘီထူး ပြော EROs ၊ SRA တို့နဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ NUG ပြော

Author CJ Platform
Categories
Published on Dec 16, 2025

စစ်အာဏာရှင်စနစ်ကို တော်လှန်နိုင်ဖို့အတွက် လက်နက်ကိုင်အင်အားစုကြီးတွေ စုစည်းပြီးတော့ ဟန်ချက်ညီညီတော်လှန်ရမှာဖြစ်ပြီး စစ်ဆင်ရေးတွေကို လက်တွေ့အကောင်အထည်ဖော် အောင်မြင်အောင် လုပ်ဆောင်သွားရမှာဖြစ်တယ်လို့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA) ဥက္ကဌ ကိုခွန်ဘီထူးက CJ Platform ကို ပြောပါတယ်။

 

နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (SRA) ကို ချင်း၊ စစ်ကိုင်း၊ မကွေး၊ ကရင်နီ၊ ရှမ်းနဲ့ မွန်ပြည်တို့က အင်အားကြီး တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့ အများစုနဲ့ ဖွဲ့စည်းထားပြီး လုပ်ငန်းစဉ်နဲ့ စစ်ဆင်ရေးတွေဖော်ဆောင်နိုင်ဖို့အတွက် SRA ကော်မတီကိုလည်း ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။

 

“ကျွန်တော်တို့ရဲ့တပ်တွေက နွေဦးတော်လှန်ရေးမဟာမိတ်က တစ်နိုင်ငံလုံးမှာ ချိတ်ဆက်မိသွားတဲ့ တပ်မဟာမိတ်တစ်ခု ဖြစ်ပါလိမ့်မယ်။ ဆိုတော့ Logistic ကိစ္စတွေ၊ နောက်ပြီး စစ်ဆင်ရေးစီမံချက်ကိစ္စတွေမှာ အားလုံးက ပိုမိုအောင်မြင်နိုင်မယ်၊ ပိုပြီးထိရောက်မယ်၊ ဆိုတော့ ဒါက အရေးကြီးတဲ့တော်လှန်ရေး အလှည့်အပြောင်းတစ်ခုဖြစ်မယ်” လို့ SRA တပ်ပေါင်းစုမှာ ဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ ကိုခွန်ဘီထူးက CJ Platform ကို ပြောပါတယ်။

 

ချင်းညီနောင် (CB) အဖွဲ့၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်မတော် (KNDF)၊ ဗမာပြည်သူ့လွတ်မြောက်ရးတပ်မတော် (BPLA) စတဲ့ စုစုပေါင်းအဖွဲ့ ၁၉ ဖွဲ့ပါဝင်တဲ့ SRA တပ်ပေါင်းစုဖွဲ့စည်းတာကို ကြိုဆိုကြောင်းနဲ့ ပူးပေါင်းဆောင်ရွက်သွားနိုင်ဖို့ လုပ်ဆောင်နေတယ်လို့လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကလည်း ပြောပါတယ်။

 

“ကျွန်တော်တို့ကတော့ ကြိုဆိုတယ်။ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ COC အောက်မှာရှိနေတဲ့ PDF တွေရှိမယ်။ အခုဆိုရင်လည်း SRA တပ်ဖွဲ့တွေရှိမယ်၊ EROs တပ်ဖွဲ့တွေရှိမယ်။ ဒီတပ်ဖွဲ့တွေ အချင်းချင်းကြားမှာ Joint Command တစ်ခု ပေါ်ပေါက်လာနိုင်ဖို့အတွက်ကိုလည်း ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားဖို့ ရှိပါတယ်” လို့ သူက ပြောပါတယ်။

 

စစ်အုပ်စုကို တော်လှန်နေတဲ့ အင်အားစုကြီးတွေဖြစ်တဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) အင်အားစုတွေ၊ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ (EROs) အင်အားစုတွေနဲ့ SRA တပ်ပေါင်းစုအင်အားစုတွေအနေနဲ့ ဟန်ချက်ညီညီ လုပ်ဆောင်နိုင်ပါက တော်လှန်ရေးအတွက် အရေးကြီးတဲ့ အလှည့်အပြောင်းဖြစ်လာနိုင်တယ်လို့ ကိုခွန်ဘီထူးက ဆိုပါတယ်။

 

SRA တပ်ပေါင်းစုမှာ လုပ်ငန်းစဉ်နဲ့ စစ်ဆင်ရေးတွေဖော်ဆောင်ဖို့ သက်ဆိုင်ရာတပ်ဖွဲ့တွေ အချိုးကျပါဝင်တဲ့ ကော်မတီတစ်ရပ်ကိုလည်း ဖွဲ့စည်းထားပြီး တပ်ပေါင်းစုအနေနဲ့ ဦးဆောင်တဲ့ စစ်ဆင်ရေးတွေကိုလည်း အတူတကွ တစ်ချိန်တည်းမှာပဲ ဖော်ဆောင် တိုက်ပွဲဝင်သွားမှာ ဖြစ်တယ်လို့ SRA ပြောရေးဆိုခွင့်ရှိသူ ကိုမင်းဟန်ထက်ကလည်း CJ Platform ကို ပြောပါတယ်။

 

“ဒေသအသီးသီးမှာ လှုပ်ရှားနေကြတဲ့တပ်တွေကို စုဖွဲ့ပြီးတဲ့အခါမှာ ဒီတပ်ပေါင်းစုအဖြစ်နဲ့သာ ဖွဲ့စည်းတာ ဖြစ်ပါတယ်။ အဲ့အတွက်ကြောင့် ဒေသအသီးသီးမှာ ဒီတပ်ဖွဲ့တွေဟာ နဂိုမူလလုပ်ငန်းစဉ်တွေကို ဆက်လက်ဆောင်ရွက်နေမှာဖြစ်သလို တပ်ပေါင်းစုအနေနဲ့ ဦးဆောင်တဲ့ စစ်ဆင်ရေးတွေကိုလည်း အတူတကွ တစ်ချိန်တည်းမှာပဲ ဖော်ဆောင်သွားမှာ၊ တိုက်ပွဲဝင်သွားမှာ ဖြစ်ပါတယ်”လို့ ကိုမင်းဟန်ထက်ကလည်း ပြောပါတယ်။

 

အခု SRA မှာ ပါဝင်နေတဲ့ တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့ ၁၉ ဖွဲ့ဟာ ၁၀၂၇ စစ်ဆင်ရေးအပါအဝင် ချင်း၊ မွန်၊ တနင်္သာရီတို့မှာ တိုက်ပွဲအတွေ့အကြုံရှိခဲ့သူတွေဖြစ်ပြီး တိုက်ရည်ခိုက်ရည်ပိုင်းမှာ အထူးပြောစရာမရှိပေမဲ့ စစ်ဆင်ရေးတွေ အကောင်အထည်ဖော်ချိန် ဟန်ချက်ညီတဲ့ တိုက်စစ်ဆင်မှုတွေ ဖြစ်ပေါ်စေဖို့က အစီအမံရေးဆွဲသူတွေအပေါ်မှာသာ မူတည်တယ်လို့ CDM ဗိုလ်ကြီးဇင်ယော်ကလည်း သုံးသပ်ပြောပါတယ်။

 

ဒီလိုတပ်ပေါင်းစုဖွဲ့စည်းနိုင်ဖို့အတွက် တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေကြား ကာလရှည်ဆွေးနွေးမှုတွေရှိခဲ့ပြီး အခုလိုတပ်ပေါင်းစုဖွဲ့စည်းနိုင်ခဲ့တာဟာ ဝမ်းမြောက်စရာဖြစ်တယ်လို့လည်း CB ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်ကလည်း သုံးသပ်ပြောပါတယ်။ လုပ်ငန်းစဉ်တွေနဲ့ စစ်ဆင်ရေးတွေ ပေါက်မြောက်တဲ့အထိလုပ်နိုင်ဖို့အတွက် စောင့်ကြည့်ဖို့လိုအပ်ပြီး ဒါဟာ ကြီးမားတဲ့ ခက်ခဲသိမ်မွေ့တဲ့ စိန်ခေါ်မှုတစ်ရပ်လည်း ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

 

SRA တပ်ပေါင်းစုမှာ CB အဖွဲ့၊ KNDF တပ်ဖွဲ့၊ BPLA တပ်ဖွဲ့တို့အပြင် 96 Soldiers PDF ၊ ဗမာ့တပ်မတော် (BA) ၊ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF) ၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLF) ၊ Forece for Democracy (FFD) ၊ Generation Z Army (GZA) ၊ ကလေးဒေသတော်လှန်ရေးတပ် (KRF) ၊ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် (MAGWAY PDF) ၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF) ၊ အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) ၊ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA) ၊ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ် (PNDF) ၊ စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော် (SAGAING PDF) ၊ ကျောင်းသားလက်ရုံးတပ်တော် (SAF) ၊ ယောတပ်တော် (YA) နဲ့ ယောကာကွယ်ရေး (YDF) တို့ ပူးပေါင်းပါဝင်နေတာလည်း ဖြစ်ပါတယ်။

 

 

Related News

Depend on news