ဆရာမ နော်ဒီဇင်ဦး သေဆုံးမှုနဲ့ ပတ်သက်လို့ မီးပေါ့ဆတဲ့ အိမ်ရှင်တွေကို စည်းမျဉ်းဥပဒေအရ အရေးယူမယ်

Author ရှိုး
Categories
Published on Oct 16, 2024

ကရင်ပြည်၊ သံတောင်ကြီးမြို့နယ်၊ လာစောကျေးရွာမှာ တာဝန်ထမ်းဆောင်ရင်း မီးလောင်သေဆုံးခဲ့ရတဲ့ KNEC စေတနာ့ဝန်ထမ်း ဆရာမ နော်ဒီဇင်ဦး ဖြစ်စဥ်ကို အိမ်ရှင်မိသားစုရဲ့ မီးပေါ့ဆမှုကြောင့် ဖြစ်တယ်လို့ စစ်ဆေးတွေ့ရှိပြီးနောက် အိမ်ရှင်တွေကို စည်းမျဉ်းဥပဒေအရ အရေးယူသွားမယ်လို့ ကယန်းအမျိုးသားပညာရေးကော်မတီ(KNEC)က အောက်တိုဘာလ ၁၅ ရက်နေ့မှာ ထုတ်ပြန်အသိပေးပါတယ်။

 

ဆရာမ နော်ဒီဇင်ဦးဟာ KNEC က ဖွင့်လှစ်ထားတဲ့ အခြေခံပညာမူလတန်းကျောင်းတစ်ခုမှာ သွားရောက် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး စက်တင်ဘာလ ၂၂ ရက်၊ ည ၁၁ နာရီခွဲခန့်မှာ မီးလောင် သေဆုံးခဲ့ရတာပဲဖြစ်ပါတယ်။

 

မီးလောင်မှုဖြစ်စဥ်မှာ ဆရာမ နော်ဒီဇင်ဦး တည်းခိုရာ အိမ်ရှင် ဦးစိုးမြတ်ဌေးနဲ့ ဒေါ်ရွှေစင်အေးဝင်းတို့ဟာ ၎င်းတို့ပိုင်ဆိုင်တဲ့ ခြံထွက် ဖာလာတွေကို အခြောက်ခံရာမှာ သစ်သားထင်းမီးနဲ့ မီးဖိုအသုံးပြုခဲ့ကြပါတယ်။  ၎င်းတို့နှစ်ဦးအနေနဲ့ အဲဒီနေ့ မနက် ၆ နာရီကနေ ည ၆ နာရီအထိ ဖာလာတွေကို အခြောက်ခံခဲ့ကြပါတယ်။

ဒါပေမဲ့ ည ၆ နာရီနောက်ပိုင်းမှာ မီးကို သေသေချာချာ မငြှိမ်းခဲ့တဲ့အတွက် မီးစတင်လောင်ကျွမ်းခဲ့ပြီး ဆရာမနော်ဒီဇင်ဦး မီးလောင် သေဆုံးခဲ့ရတာပဲဖြစ်ပါတယ်။ မီးလောင်မှုဖြစ်ပွားတဲ့ နေအိမ်အောက်မှာ အလွယ်တကူ မီးကူးစက်နိုင်တဲ့ ဝါသဲပြားတွေ၊ ဖာလာခြောက်တွေ၊ ဝါးနဲ့ ထင်းတွေ၊ ဖွဲကြမ်းတွေနဲ့ အရက်ပြန်အဆီရည်တွေ စတဲ့ပစ္စည်းတွေ ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

“ကျွန်တော်တို့ အကောင်းဆုံးကြိုးစားခဲ့ပါတယ်။ စစ်ဆေးရေး လုပ်တဲ့အချိန်မှာ အပြည့်အဝ လွတ်လပ်စွာ စစ်ဆေးခွင့်ရခဲ့တယ်။ ပါဝင်ပတ်သက်သူ တစ်ယောက်ချင်းစီတိုင်းကို သေချာစစ်ဆေးခဲ့ပါတယ်။ နောက်မီးလောင်သွားတဲ့ ခန္ဓာကိုယ် အနေအထား၊ ခြေလက်အင်္ဂါ အခြေအနေ၊ အနေအထား အပြင်လက်ရှိ ဆရာမနဲ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းက လူမှုပေါင်းသင်း ဆက်ဆံမူ၊ ပတ်ဝန်းကျင်ရဲ့ ဆရာမအပေါ် ပြုမူဆက်ဆံမူ၊ နောက်ကြောင်း ရာဇဝင်တွေနဲ့ အဲဒီ အခင်းဖြစ်တဲ့ ရက်က အဖြစ်အပျက်‌အစုံတွေနဲ့ ထောက်လှမ်း ဆုံးဖြတ်ချက်တွေ၊ ခံဝန်ချက်တွေ၊ စစ်ဆေးချက်တွေနဲ့ ဒီအဖြေကို ထုတ်ခဲ့ကြတာပါ။ အားနည်းချက်ကတော့ မှုခင်းဆရာဝန်မရှိတဲ့အတွက် ဆေးစစ်ချက်မယူနိုင်တာပဲ ရှိပါတယ်”လို့ မိသားစုမှ စုံစမ်းစစ်ဆေးရေးအတွက် အကူအညီတောင်းခံသူ CDM ကျောင်းဆရာ မင်းဘုဏ်းလူက CJ Platform ကို ပြောပါတယ်။

 

စုံစမ်းစစ်ဆေးမှုကို အောက်တိုဘာလ (၁၀) ရက်နေ့မှာ ကယန်းပြည်သစ်ပါတီဗဟိုကော်မတီညွှန်ကြားမှုနဲ့ ဆောင်ရွက်ခဲ့ကြပြီး ဆရာမနော်ဒီဇင်ဦးရဲ့ မိသားစုဝင် ကိုယ်စားလှယ် (၂) ဦးအပါအဝင် အဖွဲ့ဝင် (၉) ဦးတို့ စုံစမ်းစစ်ဆေးခဲ့ကြတာပါ။

 

ဆရာမ နော်ဒီဇင်ဦး မီးလောင်သေဆုံးမှုနဲ့ ပတ်သက်ပြီး အိမ်ရှင်မိသားစုကို သက်ဆိုင်ရာ အဖွဲ့အစည်းရဲ့ စည်းမျဥ်းဥပဒေအရ အရေးယူ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။  ဒီဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး ဆရာမ နော်ဒီဇင်ဦးရဲ့ မိသားစုဝင်တွေကလည်း ကျေနပ်ကြည်ဖြူစွာ လက်ခံကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

 

ဓာတ်ပုံ – ပေးပို့

 

ပုံစာ – ဆရာမ နော်ဒီဇင်ဦး မီးလောင်သေဆုံးမှုနဲ့ ပတ်သက်ပြီး ကွင်းဆင်း စစ်ဆေးနေကြစဉ်