​​သုံးလကျော် မီးပြတ်နေတဲ့ ဟားခါးမှာ ကွန်ပျူတာ၊ ဖုန်း၊ ပါဝါဘဏ်တွေ အခကြေးငွေ ပေးပြီး အားသွင်းနေရ

Author CJ Platform
Categories
Published on Jun 16, 2025

စစ်ကောင်စီထိန်းချုပ်တဲ့ ချင်းပြည်နယ်၊ ဟားခါးမြို့မှာ လျှပ်စစ်မီး ပြတ်တောက်နေတာကြောင့် ပြီးခဲ့တဲ့ မေလကတည်းက ကွန်ပျူတာ၊ ဖုန်းနဲ့ ပါဝါဘဏ်တို့ကို အခကြေးငွေ ပေးပြီး အားသွင်းနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

ဟားခါးမြို့မှာ ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့ကတည်းက လျှပ်စစ်မီး ပြတ်တောက်တာ ဖြစ်ပြီး ဒေသခံတွေဟာ အလုပ်လုပ်ဖို့နဲ့ ဆက်သွယ်ရေး ပြုလုပ်ဖို့ ကွန်ပျူတာ၊ ဖုန်း၊ ပါဝါဘဏ်တို့ကို အခကြေးငွေ ပေးပြီး အားသွင်းနေကြတာဖြစ်ပါတယ်။

 

“ကွန်ပျူတာ အသုံးပြုပြီး အလုပ်လုပ်တဲ့သူတွေဆို အားမရှိလို့ အဆင်မပြေဘူးလေ။ ပြီးတော့ သာရေး၊ နာရေး စတဲ့ လူမှုရေးကိစ္စ၊ စီးပွားရေးကိစ္စတွေအတွက် ဆက်သွယ်ဖို့ ဖုန်းက အရေးကြီးတယ်။ အားရှိနေဖို့ လိုတယ်။ အဲလို အားသွင်းဖို့ မီးစက်နှိုးတဲ့နေရာတွေမှာ အခကြေးငွေ ပေးပြီး အားသွင်းရတယ်” လို့ အသက် ၄၀ နှစ်အရွယ် ဟားခါးဒေသခံအမျိုးသမီးတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

အဲဒီလို အားသွင်းရာမှာ ကွန်ပျူတာတစ်လုံး ၅,၀၀၀ ကျပ်၊ ဖုန်းတစ်လုံး ၁,၅၀၀ ကျပ်နဲ့ ပါဝါဘဏ် အရွယ်အစားပေါ် မူတည်ပြီး ၃,၀၀၀ ကျပ်မှ ၅,၀၀၀ ကျပ်ထိ ရှိတယ်လို့ သိရပါတယ်။

 

“အစကတော့ ပိုက်ဆံပေးပြီး အားသွင်းစရာ မလိုဘူး။ မီးပြတ်တာ ကြာလာတော့ အားသွင်းတဲ့သူတွေက ပိုများလာလို့ အခကြေးငွေ ပေးရတာပါ။ ဖုန်းတစ်လုံး တစ်ခါ အားသွင်းရင် ၁,၅၀၀ ကျပ်၊ ကွန်ပျူတာတစ်လုံး တစ်ခါ အားသွင်း ၅,၀၀၀ ကျပ် ပေးရတယ်။ ပါဝါဘဏ်ကတော့ အရွယ်အစားပေါ် မူတည် ပေးရတယ်။ တစ်နေရာနဲ့ တစ်နေရာ စျေးမတူဘူး” လို့ အသက် ၂၅ နှစ်အရွယ် ဟားခါးဒေသခံ အမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

အလုပ်အကိုင်တွေ ရှားပါးပြီး ပုံမှန် ဝင်ငွေ မရှိတဲ့ချိန်မှာ အခုလို အခကြေးငွေ ပေးပြီး အားသွင်းရတာဟာ အပိုငွေ ကုန်ကျသလို မိသားစု စားဝတ်နေရေးအတွက် ထိခိုက်လာတယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် ဟားခါးမြို့မှာ လျှပ်စစ်မီး ပြတ်တောက်တာကြောင့် လျှပ်စစ်မီး အသုံးပြုပြီး လုပ်ငန်း လည်ပတ်သူတွေဟာ အခက်ခဲ ဖြစ်သလို ချက်ပြုတ်ရာမှာလည်း မီးသွေးခဲကို အသုံးကြရပြီး သောက်သုံးရေတွေကို ရေစက် ငှားရမ်းပြီး ရေတင်နေရတာကြောင့် အခက်ကြုံတွေနေရတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

 

“ အစရာရာ ပိုက်ဆံ ပေးနေရတော့ တစ်ရက်တစ်ရက် အပိုဝင်ငွေတွေ ကုန်ရတယ်။ ဖယောင်တိုင်ကအစ ဝယ်ရတယ်။ ပုံမှန် ဝင်ငွေ မရှိသူတွေ အနေနဲ့ ကြာလာတော့ မိသားစု စားဝတ်နေရေး ထိခိုက်တယ်” လို့ အသက် ၅၀ နှစ်အရွယ် ဟားခါးဒေသခံ အမျိုးသမီးတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ဟားခါးမြို့ဟာ စစ်ကောင်စီ ထိန်းချုပ်တဲ့ မြို့ဖြစ်သလို ပြည်နယ်ရုံး စိုက်ရာမြို့ ဖြစ်ပြီး ချင်းပြည်နယ်ရဲ့ တစ်ခုတည်းသော လျှပ်စစ်မီး ပုံမှန်ရရှိတဲ့ မြို့ဖြစ်ပေမယ့် အခုခါ လျှပ်စစ်မီး ပြတ်တောက်တာ ၃ လကျော် ကြာနေပြီဖြစ်ပါတယ်။

 

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ဟားခါး၊ ထန်တလန်၊ တီးတိန် စတဲ့ မြို့တွေ အပါအဝင် ကျန်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်က မြို့တွေမှာလည်း လျှပ်စစ်မီး မရှိကြတာ နှစ်ကြာနေပြီဖြစ်ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်