စစ်ကောင်စီရဲ့ အရပ်သား ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ကျိုက်ထိုမြို့နယ်အတွင်းရှိ ကျေးရွာ ၆ ရွာက ဒေသခံတွေ တိမ်းရှောင်နေရ

စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျိုက်ထိုမြို့နယ်အတွင်းက ကျေးရွာတွေကို ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့က လေကြောင်း၊ လက်နက်ကြီးတွေနဲ့ အရပ်သားနေထိုင်ရာ နေရာတွေကို မကြာခဏ ပစ်ခတ်တိုက်ခိုက် နေတာကြောင့် ကျိုက်ထိုမြို့နယ်အတွင်းရှိ ကျေးရွာ ၆ ရွာမှ ဒေသခံပြည်သူ သုံးထောင်နီးပါး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ပြန်ကြားရေးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ကျိုက်ထိုမြို့နယ် ဝင်းကံကျေးရွာအုပ်စုအတွင်းရှိ ဝင်းကံကျေးရွာ၊ ဘောကထကျေးရွာ၊ ကျောက်ရေတွင်းကျေးရွာ၊ ကလောမြောင်ကျေးရွာ၊ ရှမ်းစုကျေးရွာနဲ့ အညာစု ကျေးရွာတို့က ပြည်သူတွေဟာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီရဲ့ လက်နက်ကြီးဒဏ် လေကြောင်း အန္တရာယ်တို့ကြောင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီလိုထွက်ပြေးတိမ်းရှောင်ရာမှာ ကျေးရွာ ၆ ရွာက အိမ်ခြေ ၆၅၄ အိမ်က ဒေသခံပြည်သူ (၂၇၂၁)ဦးဟာ အသက်အန္တရာယ်စိုးရိမ်လို့ နေအိမ်တွေကို စွန်ခွာတိမ်ရှောင်နေရတာဖြစ်ပြီး နေရာထိုင်ခင်း၊ စားနပ်ရိက္ခာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ များစွာ လိုအပ်နေတာဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျိုက်ထိုမြို့နယ်အတွင်းက ကျေးရွာတွေကို ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့ တစ်နေ့ထဲမှာပင် အမှတ် (၃၁၀) အမြောက်တပ်ရင်းစခန်းကနေ လက်နက်ကြီးနဲ့ ၁၂၀ မမ (၇)လုံး ပစ်ခတ်ခဲ့ကာ ပဲခူးတိုင်း၊ ဝေါမြို့နယ် ဆင်ရွာမှာတပ်စွဲထားတဲ့ စခန်းကနေလည်း လက်နက်ကြီးနဲ့ ၁၂၂-မမ (၄)လုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ KNU ကထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် နေ့လယ် ၁၂ နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာနဲ့ ရွှေကျင်မြို့နယ်ထဲကို လေကြောင်းကနေ ဗုံးနှစ်လုံးကြဲချ တိုက်ခိုက်ခဲ့ပြီး ကျိုက်ထိုမြို့နယ် ကျောက်ဖျာကျေးရွာအုပ်စုအတွင်းကိုလည်း ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ဗုံးတစ်လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီဟာ အင်အားပြင်းစစ်ကိုင်းမြေငလျင် လှုပ်ခတ်ခဲ့ပြီးနောက်ပိုင်း အပစ်အခတ်ရပ်စဲရေးကို သုံးကြိမ် ကြေညာခဲ့ပေမဲ့ နိုင်ငံတကာအလှူရှင်တွေ လှူဒါန်းပေးပြီးနောက်မှာတော့ နိုင်ငံတဝန်း မှာ လေကြောင်းကနေ အရပ်ပြည်သူ တွေရှိရာနေရာတွေကို နေစဉ်ဗုံးကြဲ တိုက်ခိုက်လျှက် ရှိပါတယ်။
ဓာတ်ပုံ – KNU