ကွမ်းဈေးနှုန်းအကျဘက်မှာ ဆက်ရှိနေတာကြောင့် ကွမ်းစိုက်တောင်သူတွေ အရှုံးပေါ်နေ

Author CJ Platform
Categories
Published on May 16, 2025

ဧရာဝတီတိုင်းအတွင်းရှိ ကွမ်းစိုက်တောင်သူတွေအနေနဲ့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ကျဆင်းခဲ့တဲ့ ကွမ်းရွက်ဈေးနှုန်း တွေဟာ ယခုအချိန်ထိ ပြန်လည်မြင့်တက်လာခြင်း မရှိတာကြောင့် ကွမ်းစိုက်တောင်သူတွေအနေနဲ့ အရှုံးပေါ်နေဆဲ ဖြစ်နေတယ်လို့ တောင်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

 

ကွမ်းဈေးနှုန်း ပြန်မြင့်လာဖို့ မျှော်လင့်ချက်နဲ့ ထပ်မံစိုက်ပျိုးခဲ့ပေမဲ့ ကွမ်းဈေးနှုန်းက မြင့်တက်မလာဘဲ သွင်းအားစုတန်ဖိုးတွေဖြစ်တဲ့ အလုပ်သမားခ စိုက်ပျိုးရေးသုံး ဆေးပစ္စည်းစျေးတွေနဲ့ မကိုက်အောင်ကို ရောင်းရတဲ့ဈေးနှုန်းက ကျဆင်းနေဆဲဖြစ်တာကြောင့် အရှုံးပေါ်နေကြတာ ဖြစ်တယ်လို့ သိရပါတယ်။

 

“ ဈေးကနည်းနည်းလေးတက်ပေမဲ့ ဒိုင်ကဖွင့်ဈေးပဲ ရကြတာ။ ဈေးကုန်တော့မရဘူး။ ကွမ်းသမားတိုင်း အကုန်ရှုံးကြတယ်။ အဆင်မပြေကြဘူး “ လို့ ပန်းတနော်မြို့နယ်က ကွမ်းစိုက်တောင်သူ အမျိုးသမီးတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

ကွမ်းစိုက်တောင်သူတွေအနေနဲ့ ကွမ်းဈေးနှုန်းမြင့်တက်လာခြင်းမရှိတာကြောင့် ထွက်နှုန်းကောင်းမယ့် ဆေးတွေလည်း အသုံးမပြုနိုင်တော့ဘဲ ကွမ်းအထွက်နှုန်းလည်းမကောင်းတော့သလို့ နယ်တင်တဲ့ ကွမ်းတွေလည်း မရှိသလောက်နည်းပါးနေတယ်လို့ သိရပါတယ်။

 

နွေရာသီကွမ်းဈေးကွက်ဟာ ပျက်စီးခဲ့ပြီး ကွမ်းစိုက်တောင်သူတွေအနေနဲ့ အရှုံးပေါ်ခဲ့တဲ့အပြင် အခုချိန်အထိ ကွမ်းရွက် ဈေးနှုန်းတွေက ဒိုင်ပေးဈေးအနေနဲ့ မနေ့က မေလ ၁၅ ရက်နေ့အထိ တစ်ပိသာကို ၇ ထောင် ၈ ထောင်ခန့်သာ ရရှိနေတာဖြစ်တယ်လို့ တောင်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

 

“ ကျွန်မတို့ ခူးတိုင်းရှုံးနေတာ၊ တစ်ပတ်ခူးတိုင်း တစ်သိန်းကျော်ရှံးတယ်။ အစာလည်း မကျွေးတော့ဘူး၊ ရေလည်း မတင်တော့ဘူး။ ဈေးနည်းနည်း တက်တယ်ဆိုတာလည်း မဆိုသလောက်လေးတက်တာ “ လို့  ညောင်တုန်းမြို့နယ်က ကွမ်းစိုက်တောင်သူ အမျိုးသမီးတစ်ဦးကလည်း CJ Platform ကိုပြောပါတယ်။

 

ဒါ့အပြင် ညောင်တုန်းမြို့နယ်ရှိ တချို့ကွမ်းခြံတွေလည်း အစာဖိုး အလုပ်သမားခ မတတ်နိုင်တဲ့အတွက် ကွမ်းခြံတွေ ဖျက်ပစ်တာရှိတယ်လို့လည်း သူမက ဆက်ပြောပါတယ်။

 

ဧရာဝတီတိုင်းအတွင်း ကွမ်းခြံလုပ်သားတစ်ဦးကို နေ့စားခ တစ်နေ့ ၈၀၀၀ ကျပ်ပေးရတာဖြစ်ပြီး ကွမ်းခူးတဲ့ လူငယ်နေ့စားလုပ်သားတွေလည်း ရှားပါးနေကာ လူငယ်တော်တော်များက စစ်မှုထမ်းရှောင်ဖို့အတွက် ပြည်ပထွက် အလုပ်လုပ်ကိုင်နေကြတာ များနေတာ ဖြစ်တယ်လို့ စုံစမ်းသိရရှိရပါတယ်။

 

ကွမ်းဈေးကွက်ထဲ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလလယ်လောက်က စတင်ကာ ဈေးနှုန်းတွေ ကျဆင်းလာတာဖြစ်ပြီး လက်ရှိမှာ အကောင်းဆုံးကွမ်းဖြစ်တဲ့ ယာရှယ်ထိပ်စက တစ်ပိသာကို ကျပ်ငွေ တစ်သောင်းကျော်သာ ပေါက်ဈေးရှိပြီး အသင့်အတင့်ကွမ်းဖြစ်တဲ့ ယာကောင်းက ရှစ်ထောင်ကျပ်ဝန်းကျင်နဲ့ ကျန်အမျိုးအစားတွေကတော့ နှစ်ထောင့်ငါးရာ ဝန်းကျင်ဈေးသာ ပေါက်ဈေးရှိတော့တာပါ။

 

ပန်းတနော်နဲ့ ညောင်တုန်းကွမ်းတွေက ရန်ကုန်မြို့အတွင်းရောင်းချလို့ရနိုင်ပေမဲ့ ကွမ်းကြမ်းက ရခိုင်ပြည်က အများဆုံးယူတာဖြစ်ပြီး စစ်ကောင်စီက ရခိုင်ပြည်ကို ကုန်ပစ္စည်းတင်ပို့တာ ပိတ်ပင်ထားတာကြောင့် ကွမ်းရွက်တွေလည်း ရခိုင်ပြည်ကို တင်ပို့လို့ မရတော့ဘူးလို့ ကုန်စည်ဒိုင်တစ်ခုက ဆိုပါတယ်။

 

“ ကွမ်းတွေက နယ်စုံကလာတယ်။ ဈေးကွက်ထဲမှာ ဝယ်အားပဲရှိပြီး ရောင်းအားမရှိတော့ ဈေးကျနေတာ။ တက်ဖို့လည်း သိပ်မမြင်ဘူး “ လို့ ရန်ကုန် ကုန်စည်ဒိုင်တစ်ခုက ပိုင်ရှင်အမျိုးသမီးက ပြောပါတယ်။

 

လက်ရှိမှာတော့ ဧရာဝတီတိုင်းက ကွမ်းစိုက်တောင်သူတွေအနေနဲ့ အရင်းပင်မရဘဲ အရှုံးပေါ်နေတာကြောင့် ငွေချေးငှားပြီး စိုက်ပျိုးထားသူ ကွမ်းစိုက်တောင်သူတွေအနေနဲ့ အဆင်မပြေမှုများစွာ ဖြစ်နေရတယ်လို့ စုံစမ်းသိရှိရပါတယ်။

 

ဧရာဝတီတိုင်းထဲ အာရက္ခတပ်တော် AA / PDF ပူးပေါင်းတပ်တွေက ဧရာဝတီတိုင်းထဲ ထိုးစစ်စတင်လာတဲ့ အချိန်ကစလို့ ကုန်တင်ပို့မှုအခက်တွေကြောင့် တစ်စ တစ်စ ကွမ်းရွက်ဈေးနှုန်းတွေ ကျဆင်းလာတာဖြစ်ပြီး ဈေးနှုန်းပြန်တက်လာနိုင်မယ့် အခြေအနေမရှိသေးဘူးလို့ ကွမ်းဈေးကွက်ထဲ ကွမ်းရောင်းသူတွေက သုံးသပ်နေကြပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်