ရန်ကုန်မှာ စစ်ကောင်စီက လူငယ်တွေကို ဆက်တိုက်ဖမ်းဆီးနေ၊ စစ်မှုထမ်းဖို့ ခံဝန်ထိုးပြီးမှ ပြန်လွှတ်ပေးလို့ ဆို

Author ကိုထက်
Categories
Published on Dec 16, 2024

ရန်ကုန်မှာ ဒီဇင်ဘာ ဒုတိယအပတ်အတွင်း စစ်ကောင်စီက လူငယ်တွေကို ဖမ်းဆီးမှုတွေ ဆက်တိုက်ပြုလုပ်လာပြီး စစ်မှုထမ်းဖို့ ခံဝန်ထိုးမှ ပြန်လည်လွှတ်ပေးတယ်လို့ ဖမ်းဆီးခံရတဲ့ လူငယ်မိသားစုတွေနဲ့ မြို့ခံတွေဆီက သိရပါတယ်။

 

ဒီဇင်ဘာလ ဒုတိယပတ်အတွင်းမှာ သာကေတ၊ ပုဇွန်တောင်၊ ဒေါပုံ၊ ရန်ကင်း၊ တောင်ဒဂုံနဲ့ မြောက်ဒဂုံမြို့နယ်တွေမှာ ညပိုင်း ၈ နာရီဝန်းကျင်ကစလို့ လမ်းသွားလမ်းလာ လူငယ်တချို့ ဖမ်းဆီးခံရတာတွေ ရှိနေတယ်လို့ စုံစမ်းသိရှိရပါတယ်။

 

“မနေ့ညက အလုပ်က ပြန်လာရင်း လမ်းမှာ ကားနဲ့ရပ်စောင့်ဖမ်းတာ။ အန်တီသားလေးအပါဆို ကောင်လေးတွေ တော်တော်များများပဲ။ ပိုက်ဆံနဲ့ ပေးမထုတ်လာရဘူး။ ခံဝန်ထိုးခိုင်းတယ်။ စစ်မှုထမ်းဖို့ လာခေါ်ရင်ပေါ့။ လွတ်ဖို့ အဓိကဆိုတော့ ထိုးခဲ့ရတာပေါ့။ နောက်မှ နောက်ရောက်ရာပဲလေ”လို့ သာကေတမြို့နယ်က ဖမ်းဆီးခံရတဲ့ လူငယ်တစ်ဦးရဲ့ မိခင်က ပြောပါတယ်။

 

ဒါ့အပြင် ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့တွေကိုလည်း အခုရက်ပိုင်းအတွင်း မသင်္ကာသူတွေ့ရင် ဖမ်းဆီးဖို့ မြို့နယ်စီမံအဖွဲ့အစည်းအဝေးကနေ ညွှန်ကြားလာတာရှိတယ်လို့လည်း ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင် တချို့ဆီက စုံစမ်းသိရှိရပါတယ်။

 

“ဒီတခါအစည်းအဝေးက ကြမ်းတယ်။ မသင်္ကာသူဆို အကုန်ဖမ်းပဲ။ ရပ်ကွက်ထဲ သူတို့လည်း ကားနဲ့ပတ်မယ်။ ကိုယ်တွေကလည်း တောက်လျှောက်လိုက်ကြည့်နေရမယ်။ ဖမ်းမိတဲ့သူဆို စစ်ထဲထည့်ဖို့ အတင်းလုပ်မယ့်သဘောပဲ”လို့ လှိုင်သာယာမြို့နယ်က ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

 

စစ်ကောင်စီက စစ်မှုထမ်းဖို့ လူစုဆောင်းရာမှာ လူစားထိုးခွင့်မရှိလို့ ညွှန်ကြားချက် ထွက်လာပြီးနောက်ပိုင်း အခုလို ဖမ်းဆီးတာတွေ၊ ဖမ်းဆီးဖို့ ပြောဆိုတာတွေ ရှိလာတာပါ။

 

လက်ရှိမှာ စစ်ကောင်စီက စစ်မှုထမ်းသင်တန်းပေးနေတာ  အပတ်စဉ် -၇ အထိ ရောက်နေပြီး စစ်မှုထမ်းအမှတ်စဉ် တစ်ခုကို လူ ၅,၀၀၀ နှုန်းနဲ့ တစ်နှစ်ကို အင်အား ၅၀,၀၀၀ ခေါ်မယ်လို့ စစ်ကောင်စီက  နိုင်ငံပိုင်မီဒီယာတွေကတစ်ဆင့် ပြောထားပါတယ်။

 

ညပိုင်းအလုပ်ပြန်ချိန်တွေမှာ အခုလို လူငယ်တွေ ဖမ်းဆီးခံရတဲ့ ဖြစ်စဉ်တွေကြောင့် လူငယ်တွေအနေနဲ့ အလုပ်ဆင်း၊ အိမ်ပြန်ချိန်တွေမှာ စိုးရိမ်စိတ်တွေ ဖြစ်နေရပြီး အလုပ်ဆင်းချိန်နောက်ကျပါက  မိသားစုဝင်တွေကပါ လုပ်ငန်းခွင်အရှေ့ထိ လိုက်လံ ခေါ်ဆောင်ပေးရတာတွေပါ ရှိနေတယ်လို့ စုံစမ်းသိရှိရပါတယ်။

 

ဓာတ်ပုံ – ကိုထက်

 

ပုံစာ – ၂၀၂၁ ခုနှစ်က ဆန္ဒထုတ်ဖော်နေတဲ့ ပြည်သူတွေကို အကြမ်းဖက်ဖြိုခွင်းနေတဲ့ စစ်ကောင်စီတပ် (ပုံဟောင်း)