“ဒီကနေ့ ဒီဇင်ဘာ ၁၆ ရက်၊ တနင်္လာနေ့အတွက် မိုးလေဝသခန့်မှန်းချက်” ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းဖြစ်နိုင်လို့ ဦးဝင်းနိုင်ခန့်မှန်း

Published on Dec 16, 2024

“မိုးရွာနိုင်တဲ့ ဒေသများ”

စစ်ကောင်စီမိုးဇလရဲ့ ခန့်မှန်းချက်အရ ဒီကနေ့ညနေပိုင်းအထိ တနင်္သာရီတိုင်းမှာ နေရာကျဲကျဲနဲ့ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကရင်နီ(ကယား)ပြည်၊ ကရင်ပြည်၊ မွန်ပြည်၊ ရှမ်းပြည်တောင်ပိုင်းနဲ့ အရှေ့ပိုင်းတို့မှာ နေရာကွက်ကျား မိုးရွာနိုင်ပြီး မိုးရွာဖို့ ၈၀ ရာခိုင်နှုန်းရှိတယ်လို့ ဆိုထားပါတယ်။

 

ကျန်တိုင်းနဲ့ ပြည်နယ်တွေမှာ တိမ်အသင့်အတင့် ဖြစ်ထွန်းမယ်လို့ စစ်ကောင်စီ မိုးဇလကခန့်မှန်းထားပါတယ်။

 

“ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်အခြေအနေ”

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ တိမ်အနည်းငယ်ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့်အတင့်ကနေ တိမ်ထူထပ်နေတယ်လို့ စစ်ကောင်စီမိုးဇလက ထုတ်ပြန်ထားပါတယ်။

 

ဒီကနေ့ ဒီဇင်ဘာ ၁၆ ရက် မနက်ပိုင်းမှာ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာဖြစ်လာနိုင်မယ့် လေဖိအားနည်းရပ်ဝန်းဟာ အနောက်-အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားပြီး ဒီဇင်ဘာ ၁၈ ရက် မနက်ပိုင်းမှာ သိသာထင်ရှားတဲ့ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်လာနိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ကြိုတင်ခန့်မှန်းပါတယ်။

 

အရှေ့မြောက်မုတ်သုံလေ အားကောင်းနေတာ၊ တောင်တရုတ်ပင်လယ်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း အီကွေတာတလျှောက်မှာ လေပွေလှိုင်းတွေဆက်တိုက်ဖြစ်ပေါ်နေတာတွေကြောင့် အခုလို လေဖိအားနည်းရပ်ဝန်းတွေ ဒီဇင်ဘာလ လကုန်ရက်တွေအထိ ဆက်လက်ဖြစ်ပေါ်နေနိုင်တယ်လို့ ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။

 

ဒါကြောင့် မြန်မာနိုင်ငံမှာ ဒေသအလိုက် အချိန်အခါမဟုတ်မိုးရွာသွန်းနိုင်မယ့် အခြေအနေအနည်းငယ်ဖြစ်ပေါ်နိုင်ချေလည်း ရှိနေပြီး မိုးများနိုင်မှာမဟုတ်ပေမဲ့ နေရာကွက်ပြီး မိုးအသင့်အတင့်ရွာနိုင်တယ်လို့ ခန့်မှန်းပြောဆိုထားပါတယ်။

 

လက်ရှိအစပျိုးနေတဲ့ စောင့်ကြည့်ရမယ့်လေပွေလှိုင်းဟာ မြန်မာနိုင်ငံဘက်ကို ဦးတည်ရွေ့လျားနိုင်ခြင်းမရှိဘဲ အိန္ဒိယနိုင်ငံတောင်ပိုင်း တမီးလ်နာဒူးပြည်နယ်ကမ်းခြေဘက်ကို ဦးတည်ရွေ့လျားနိုင်တယ်လို့ အပြည်ပြည်ဆိုင်ရာ မုန်တိုင်းကြိုတင်ခန့်မှန်းရေးဌာနတွေရဲ့ ခန့်မှန်းထားတာကို မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ဆိုပါတယ်။

 

“ပင်လယ်ပြင်လှိုင်းအမြင့်”

မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်ကနေ လှိုင်းကြီးနိုင်တယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။

 

“မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ”

တနင်္သာရီတိုင်းမှာ မိုးတိမ်တောင်တွေဖြစ်ပေါ်နေတယ်လို့ စစ်ကောင်စီမိုးဇလက ပြောထားပါတယ်။

 

“နောက်နှစ်ရက်အတွက် ခန့်မှန်းချက်”

စစ်ကိုင်းတိုင်း၊ ကချင်ပြည်၊ ရှမ်းပြည်နဲ့ ချင်းပြည်တို့မှာ ညအပူချိန် အနည်းငယ်လျော့နည်းနိုင်တယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။

 

 

Related News

Depend on news