နောင်ချို၊ တောင်းခမ်းရွာ တိုက်ပွဲမှာ စစ်ကောင်စီ တပ်ရင်းမှူးအပါအဝင် အရာရှိတွေ သေဆုံး

Author လဂွန်းအိမ်
Categories
Published on Nov 16, 2024

ရှမ်းမြောက်၊ နောင်ချိုမြို့မှာ နောက်ဆုံးကျန်တဲ့ တောင်းခမ်းကျေးရွာက ဒီကနေ့ နိုဝင်ဘာလ ၁၆ ရက် တိုက်ပွဲတွေအတွင်း စစ်ကောင်စီရဲ့ တပ်မ-၁၁ တပ်ရင်းမှူးအပါအဝင် အရာရှိနဲ့ တပ်သားတွေ သေဆုံးခဲ့တယ်လို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)ရဲ့ ဒီကနေ့ညပိုင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

 

တောင်းခမ်းမှာဖြစ်ပွားနေတဲ့ ငါးလနီးပါးကြာတိုက်ပွဲတွေအတွင်း တပ်ရင်းမှူးအဆင့်နဲ့ အရာရှိတွေ သေဆုံးမှုဟာ ပထမဆုံးဖြစ်တယ်လို့ သိရပါတယ်။

 

အဲဒီက စစ်ကောင်စီရဲ့ အမတ- ၃၅၄ နဲ့ မစခ-၉၀၂ တပ်စခန်းတို့မှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် ဒီကနေ့မှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးကိုလည်း အရှင်ဖမ်းမိခဲ့ပြီး လက်နက်ခဲယမ်းအမြောက်အမြားနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် ရှမ်းပြည်တောင်ပိုင်း ရပ်စောက်-ကျောက်ဂူကနေ နောင်ချိုမြို့နယ်ထဲကို စစ်ကူပေးဖို့ စစ်အင်အားဖြည့်တင်းနေတဲ့ စစ်ကောင်စီတပ်တွေရဲ့ ထိုးစစ်တွေကြောင့်လည်း တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့အပြင် လေကြောင်းကနေ စစ်လက်နက်ပစ္စည်းတွေ ဖြည့်တင်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီက နောင်ချိုမြို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေအပြင် တိုက်ပွဲမဖြစ်ပွားတဲ့နေရာတွေကိုလည်း လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ PSLF/TNLA ရဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

 

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်နေ့က နောင်ချိုမြို့မဈေး ဗုံးကြဲမှုအတွင်း လန်းဆန်းလက်ဖက်ရည်ဆိုင်ပေါ်ကျရောက်ခဲ့တဲ့အတွက် ဒေသခံ ၁၁ ဦးသေဆုံးခဲ့ပြီး ၁၁ ဦးဒဏ်ရာရရှိခဲ့တယ်လို့ PSLF/TNLA ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

 

ဓာတ်ပုံ – PSLF/TNLA

 

ပုံစာ – စစ်ကောင်စီတပ်ဆီက သိမ်းဆည်းရမိတဲ့ လက်နက်နဲ့ အသုံးအဆောင်ပစ္စည်းတွေကို တွေ့မြင်ရစဉ်