နွေဦးတော်လှန်ရေးအောင်မြင်မယ်လို့ ဒေါက်တာ မီမီဝင်းဘတ် ပြော

Author ဆလိုင်း
Categories
Published on Nov 16, 2024

နွေဦးတော်လှန်ရေးအောင်မြင်မယ်လို့ အမေရိကန်ကာကွယ်ရေးတပ်ရဲ့ အငြိမ်းစား ဒုဗိုလ်မှူးကြီး ဒေါက်တာ မီမီဝင်းဘတ်က ပြောကြားလိုက်ပါတယ်။

 

ယမန်နေ့ နိုဝင်ဘာလ ၁၅ ရက်နေ့ ညနေ ၆ နာရီခန့်က မလေးရှားနိုင်ငံ၊ ကွာလာလာမ်ပူမြို့၊ ဂျာလန်အလော့မှာ ဒေါက်တာ ဒေါ်မီမီဝင်းဘတ်နဲ့ မြန်မာနိုင်ငံသားတွေ တွေ့ဆုံမှုအတွင်း အဲဒီလိုပြောကြားခဲ့တာပါ။

 

“နွေဦးတော်လှန်ရေးမှာ တိုင်းရင်းသားလက်နက်ကိုင်ပေါင်းစုံပါဝင်ကြတဲ့အတွက် တော်လှန်ရေးဟာ အောင်မြင်မှာပါ။ ဘက်ပေါင်းစုံမတူညီတဲ့အလွှာကနေ ပူးပေါင်းဆောင်ရွက်တဲ့အတွက် အားရတယ်။ အမျိုးသားတွေအပြင် အမျိုးသမီးတွေလည်း ကျရာကဏ္ဍက တက်ကြွစွာပါဝင်တဲ့အတွက် နွေဦးတော်လှန်ရေးပန်းတိုင်ဟာ လက်တစ်ကမ်းအလိုမှာရှိနေပြီ” လို့ ဒေါက်တာ ဒေါ်မီမီဝင်းဘတ်က ပြောပါတယ်။

မြန်မာနိုင်ငံသား ၃၀၀ ခန့် တက်ရောက်ခဲ့တဲ့ ဒီတွေ့ဆုံပွဲကို မလေးရှားရောက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ နွေဦးတော်လှန်ရေး ထောက်ပို့အဖွဲ့တွေက ဦးဆောင်ပြီး ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။

 

ဒါ့အပြင် မလေးရှားနိုင်ငံအခြေစိုက် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ရခိုင်၊ ရှမ်း စတဲ့ Community ရုံးအသီးသီးက တာဝန်ရှိသူတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

 

“ဆရာမကြီး ဒေါက်တာဒေါ်မီမီဝင်းဘတ်ကြောင့် မလေးရှားမှာရှိတဲ့ ကျွန်တော်တို့ တိုင်းရင်းသားခေါင်းဆောင်တွေ၊ တိုင်းရင်းသားစုံစုံလင်လင်နဲ့ တစ်စုံတည်း၊ ညီညီညွတ်ညွတ်တွေ့ဆုံခွင့်ရတာ အင်မတန်မှ ဝမ်းသာမိပါတယ်။ အခုလိုတွေ့ဆုံဖို့ဆိုတာ အရမ်းခက်ခဲပါတယ်။ ဒီတွေ့ဆုံမှုဟာ ပထမအကြိမ်လည်းဖြစ်ပါတယ်” လို့ ပွဲစီစဉ်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

ဒေါက်တာ ဒေါ်မီမီဝင်းဘတ်နဲ့ ပွဲတက်ရောက်သူတွေ အမေးအဖြေအစီအစဥ်ပြုလုပ်ပြီးနောက် ည ၉ နာရီခန့်မှာ တွေ့ဆုံပွဲပြီးဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒေါက်တာဒေါ် မီမီဝင်းဘတ်ဟာ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန၊ လုံခြုံရေးဆိုင်ရာ အာရှပစိဖိတ်လေ့လာရေးဌာန၊ အမေရိကန်ကာကွယ်ရေးတပ်ဖွဲ့ ဒုတိယဗိုလ်မှူးကြီး(ငြိမ်း)ဖြစ်သလို ပါမောက္ခတစ်ဦးလည်းဖြစ်ပါတယ်။

 

သတင်း/ဓာတ်ပုံ – ဆလိုင်း

 

ပုံစာ – ယမန်နေ့ နိုဝင်ဘာလ ၁၅ ရက်နေ့ ညနေ ၆ နာရီခန့်က မလေးရှားနိုင်ငံ၊ ကွာလာလာမ်ပူမြို့၊ ဂျာလန်အလော့မှာတွေ့ရတဲ့ ဒေါက်တာ မီမီဝင်းဘတ်