ပုလဲတိုက်ပွဲတွေကြောင့် ဒေသခံတွေ အထိနာ

Author မင်းထက်
Categories
Published on Nov 16, 2024

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း ပြီးခဲ့တဲ့ နို၀င်ဘာ ၁၁ ရက်ကနေ ၁၄ ရက်နေ့အထိ လေးရက်ဆက်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေနဲ့ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီးရန်တွေကြောင့် ဒေသခံတွေ အထိနာကြရတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

 

အဲဒီမှာ မြို့ပေါ် အပါအ၀င် ကျေးရွာတွေက ဒေသခံတွေ အသက်ဘေးလုကာ အရေးပေါ် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ဒီကနေ့ နိုဝင်ဘာ ၁၆ ရက်အထိ နေရပ်မပြန်နိုင်သေးဘဲ အခက်တွေ့နေကြရတယ်လို့ ဒေသခံတွေက CJ Platform ကို ပြောပါတယ်။

 

“ပုလဲမြို့ထဲနဲ့ အများစုက အရင်ကတော့ ခဏတဖြုတ်ရှောင်ပြီး ပြန်၀င်ရတယ်ဆိုတဲ့ပုံစံမျိုးနဲ့ တချို့က အ၀တ်တစ်ထည် ကိုယ်တစ်ခုနဲ့လာပြီး ဘာမှမယူနိုင်ဘူး။ ၀ုန်းဒိုင်းကြဲရှောင်လာကြရတဲ့သူတွေရှိတယ်” လို့ အဲဒီက စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ အသက် ၄၀ အရွယ်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

 

အဲဒီ စစ်ရှောင်တွေရဲ့ စား၀တ်နေရေးအတွက် ရိက္ခာ၊ ဆေး၀ါးလိုအပ်ချက်နဲ့ ဆောင်းတွင်းအအေးဒဏ် ​ကာကွယ်ဖို့ အနွေးထည်နဲ့ စောင်တွေ အရေးပေါ်လိုအပ်နေတယ်လို့ သူမက ပြောပါတယ်။

အဲဒီမှာ တိုက်ပွဲစတင်ချိန်ကနေ သုံးရက်မြောက်ခန့်အထိ မြို့ပေါ်နဲ့ မြို့အနီးကျေးရွာ ၁၂ ရွာက ဒေသခံ တစ်သောင်းခန့်တိမ်းရှောင်ခဲ့ရပေမဲ့ နောက်ပိုင်းမှာ လူနှစ်သောင်းခန့်အထိ တိုးလာတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေဆီကနေ သိရပါတယ်။

 

“စစ်ရှောင်အရေတွက်က တိုးတယ်။ ဘာလို့ဆို စစ်ကြောင်းထိုးမယ့်သတင်းလုပ်ထားတော့ အနီးနား၀န်းကျင်ရွာ ၂၀ ကျော်က ရှောင်ရတာ။ ပုလဲမြို့နယ်တင်မဟုတ် အနီး၀န်းကျင်မြို့နယ်တွေမှာပါ ရှောင်နေကြရတယ်။ ပုလဲ ဒုက္ခက ကျန်တဲ့ဘေးပတ်၀န်းကျင်မြို့နယ်တွေပါ ထမ်းနေကြရတာပေါ့နော်” လို့ NUG ရဲ့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။

 

အဲဒီ စစ်ဘေးရှောင်တွေဟာ ပုလဲမြို့နယ်အတွင်းရှိ ဘေးလွတ်ရာကျေးရွာတွေအပြင် နီးစပ်ရာဒေသတွေဖြစ်တဲ့ ဆားလင်းကြီးမြို့နယ်၊ ယင်းမာပင်မြို့နယ်တွေနဲ့ မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းထိ သွားရောက်ခိုလှုံနေကြရတယ်လို့ သိရပါတယ်။

 

စစ်ရှောင်တွေကို သက်ဆိုင်ရာကျေးရွာက သံဃာတွေ၊ ရပ်ကျေး ပအဖ၊ ပကဖတွေက ဦးဆောင်ပြီး ကူညီစောင့်ရှောက်ပေးနေတယ်လို့လည်း ပုလဲမြို့နယ်ပအဖဆီကနေ သိရပါတယ်။

 

ပုလဲမြို့ပေါ်က တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှု အကြိမ် ၅၀ ကျော်ပြုလုပ်ခဲ့တဲ့အပြင် လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ပုလဲမြို့ပေါ်က ပြည်သူလေးဦး သေဆုံးခဲ့ပြီး အရပ်သား ၁၀ ဦးထိခိုက်ခဲ့တယ်လို့ စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

 

နိုဝင်ဘာလ ၁၁ ရက်ကနေ ၁၃ ရက်နေ့အထိ ပုလဲမြို့ပေါ်မှာ ဗိုလ်နဂါးဦးဆောင်တဲ့ BNRA အပါအဝင် ပူးပေါင်းအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။

 

အဲဒီနောက် နိုဝင်ဘာလ ၁၄ ရက်နေ့မှာ စစ်ကောင်စီရဲ့ တန်ပြန်ထိုးစစ်ကြောင့် ပုလဲမြို့ပေါ်ကနေ ကာကွယ်ရေးတပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာခဲ့ရပြီး စစ်ကောင်စီတပ်က မြို့ကို ပြန်လည်ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။

 

တိုက်ပွဲဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး BNRA ဘက်က တရားဝင်ထုတ်ပြောလာတာမျိုးမရှိသေးသလို စစ်ကောင်စီဘက်ကလည်း ထုတ်ပြန်ထားတာမျိုးမရှိသေးပါဘူး။

 

ဓာတ်ပုံ – ပုလဲမြို့နယ် ပအဖ

 

ပုံစာ – နို၀င်ဘာ ၁၁ ရက်နေ့ကစခဲ့တဲ့ တိုက်ပွဲတွေအတွင်း တိမ်းရှောင်နေကြရတဲ့ ပုလဲဒေသခံတွေကိုတွေ့ရစဥ်