ပုလောက ရွာတွေထဲ စစ်ကောင်စီစစ်ကြောင်း ဝင်စီးပြီးနောက် လူ ၃၀ ခန့် ဖမ်းဆီးခံရ

Author မင်းထက်
Categories
Published on Oct 16, 2024

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်ထဲက ကျေးရွာတွေ အောက်တိုဘာလ ၁၄ ရက်နေ့မှာ စစ်ကောင်စီစစ်ကြောင်းရဲ့ ဝင်စီးခံရပြီးနောက် ဒေသခံ ၃၀ ခန့် ဖမ်းဆီးခံရတယ်လို့ မြိတ်ခရိုင်တပ်ရင်း ၁ ဆီကနေ သိရပါတယ်။

 

အဲဒီနေ့ မနက် ၉ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၆၀ ခန့်ပါ စစ်ကြောင်းဟာ ခန္တီရွာအုပ်စု၊ တောင်ခေါင်းလောင်နဲ့ ကုလားမခေါင်းရွာတွေကို ဝင်ရောက်စီးနင်းချိန် အဲဒီက ရွာသူ/သားတွေဖမ်းဆီးခံခဲ့ရတာလို့ သိရပါတယ်။

 

“သိရသလောက်တော့ လှေသုံးစင်း၊ အင်အား ၆၀ လောက်နဲ့ ကမ်းကပ်လာပြီး အင်ဂျင်ဝိုင်တောင်းတယ်ကြားတယ်။ မပေးနိုင်တော့ ရွာသားတွေကို ဖမ်းဆီးရိုက်နှက်တာတွေ လုပ်တယ်” လို့ မြိတ်ခရိုင်တပ်ရင်း ၁ မှ တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။

 

အဲဒီစစ်ကြောင်းဟာ တောင်ခေါင်းလောင်းရွာကို စတင်၀င်ရောက်ပြီး ဖမ်းဆီးခံရသူတွေထဲက အသက်အရွယ်ကြီးသူတွေကို ပြန်လွှတ်ပေးခဲ့ပေမဲ့ လူငယ်တွေကိုတော့ ဆက်လက်ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

 

“အရပ်သားတချို့ ဖမ်းခံရတယ်။ ပြန်လွှတ်ပေးပြီလို့တော့ သိရတယ်။ လူငယ် ငါးယောက်လောက်တော့ ခေါ်ထားတယ်လို့သိရပါတယ်” လို့ ပုလောမြို့နယ် ပကဖမှ တာ၀န်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။

 

စစ်ကောင်စီစစ်ကြောင်းဟာ ပုလောမြို့နယ် တိုင်းဗဟိုလေ့ကျင့်ရေးသင်တန်းကျောင်းကို သွားရာလမ်းကြောင်းနီးစပ်ရာ ကထောင်းနီရွာကိုရောက်ရှိနေတယ်လို့ ယမန်နေ့ အောက်တိုဘာ ၁၅ နေ့က ပလောမြို့နယ် ပကဖဆီကနေ သိရပါတယ်။

 

အဲဒီစစ်ကြောင်းဟာ သင်တန်းသားအသစ်လာပို့တာလို့သိရပြီး တော်လှန်ရေးအဖွဲ့တွေနဲ့ ထိတွေ့မှုဖြစ်တာမရှိဘူးလို့ သိရပါတယ်။

 

ဒါ့အပြင် ယမန်နေ့ အောက်တိုဘာ ၁၅ ရက် တစ်ရက်တည်းမှာပဲ နောက်ထပ် စစ်ကြောင်းတစ်ကြောင်းက ပုလောမြို့နယ် ကြဲရွာဘက်ကို စစ်ကြောင်းထိုးနေပြီး စစ်ကြောင်းတွေကြောင့် လူနှစ်ထောင်ခန့် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

 

ဒီကနေ့အောက်တိုဘာလ ၁၆ ရက်နေ့မှာတော့ ပုလောမြို့နယ်အတွင်း စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးအင်အားစုတွေအကြား တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ မြိတ်ခရိုင်တပ်ရင်း ၁ တာ၀န်ရှိသူတစ်ဦးက ပြောပါတယ်။

 

ဒါပေမဲ့ တိုက်ပွဲအခြေအနေ အသေးစိတ်ကိုတော့ ၎င်းက မပြောဘဲ CJ Platform အနေနဲ့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်