မြန်မာနိုင်ငံမှာ ရေကြီးမှုနဲ့ ပဋိပက္ခတွေကြောင့် ဒီနှစ်အတွက် ဆန်နဲ့ပြောင်း အထွက် လျော့ကျမယ်လို့ ကုလခန့်မှန်း

Author အဂ္ဂ
Categories
Published on Oct 16, 2024

မြန်မာနိုင်ငံမှာ လက်ရှိအချိန်ထိ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေနဲ့ မကြာသေးခင်က ကြုံခဲ့ရတဲ့ မုန်တိုင်းဒဏ်ကြောင့် ဆန်နဲ့ ပြောင်းအထွက်နှုန်း သိသိသာသာကျဆင်းမယ်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ (FAO) က ခန့်မှန်းထားမှုကို အစီရင်ခံစာတစ်စောင်မှာ ဖော်ပြပါတယ်။

 

အခုလ နှောင်းပိုင်းမှာ ရိတ်သိမ်းလေ့ရှိတဲ့ မိုးစပါးအထွက်နှုန်းဟာ ပျမ်းမျှအောက် အနည်းငယ်လျော့နည်းပြီး တန်ချိန် ၂၃ ဒသမ ၆ သန်းခန့် ထွက်ရှိမယ်လို့ မျှော်လင့်ရကြောင်း ဖော်ပြထားပါတယ်။

 

အခုလို တစ်နှစ်တာ စပါးအထွက်နှုန်းရဲ့ ၈၀ ရာခိုင်နှုန်းဝန်းကျင်ရှိတဲ့ မိုးစပါးအထွက်နှုန်း ကျဆင်းရခြင်းရဲ့ အဓိက အကြောင်းရင်းဟာ စပါးအဓိက စိုက်ပျိုးရာ မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ စက်တင်ဘာလ အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနဲ့ တိုင်ဖွန်းယာဂီ မုန်တိုင်းကြောင့် ရေကြီးရေလျှံမှုဒဏ်ကို ဆိုးဆိုးရွားရွား ခံခဲ့ရတာကြောင့်လို့လည်း ဆိုပါတယ်။

 

ပြောင်းထုတ်လုပ်မှုဟာလည်း ပျမ်းမျှအောက် လျော့နည်းတဲ့ တန်ချိန် ၂ ဒသမ ၁ သန်းခန့် ထွက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။  ပြောင်းအထွက်နှုန်း ကျဆင်းရခြင်းကတော့ နှစ်နှစ်ဆက်တိုက် စိုက်ပျိုးဧရိယာ လျော့နည်းခြင်းကြောင့်ဖြစ်ပြီး၊ အဓိကအားဖြင့် နိုင်ငံမြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် စိုက်ခင်းတွေထဲ ဝင်ရောက်စိုက်ပျိုးခွင့် အကန့်အသတ်တွေလည်း ရှိနေပါတယ်။

 

တောင်သူတချို့ဟာ ပြောင်းစိုက်ဧရိယာတွေကို ငရုတ်၊ ပဲအမျိုးမျိုးစတဲ့ အမြတ်အစွန်းပိုရတဲ့ သီးနှံတွေ ပြောင်းလဲစိုက်ပျိုးတာကလည်း ပြောင်းအထွက်နှုန်း လျော့ကျခြင်းရဲ့ အကြောင်းအရင်း တစ်ရပ် ဖြစ်တယ်လို့လည်း သိရပါတယ်။

 

ဒါ့အပြင် လောင်စာဆီနဲ့ စိုက်ပျိုးရေးသုံး ဓာတုဆေးဝါးတွေ စတဲ့ စိုက်ပျိုးရေးလုပ်ငန်းသုံး သွင်းကုန်ပစ္စည်းတွေ ဈေးနှုန်းမြင့်မားနေတာကြောင့်  တောင်သူတွေ ဝယ်ယူနိုင်ဖို့ အခက်အခဲ ဖြစ်ပါတယ်။ ဒီအကြောင်းအရာဟာ စပါးနဲ့ ပြောင်းတွေ အထွက်နှုန်း လျော့ကျခြင်းရဲ့ အကြောင်းအရင်းတစ်ရပ် ဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

 

အခုလို ဖြစ်ပျက်နေတဲ့ အခြေအနေတွေကြောင့် နိုင်ငံတွင်းမှာ စားနပ်ရိက္ခာဖူလုံရေး အခြေအနေဟာ စိုးရိမ်ဖွယ်ရာ ဖြစ်နေပါတယ်။ လူဦးရေ ၁၃ သန်းကျော်ဟာ အစားအသောက်ပြတ်လပ်မှု အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီး၊ အဲဒီထဲက ၂ ဒသမ ၇ သန်းလောက်ဟာ အရေးပေါ်အခြေအနေမှာ ရှိနေပါတယ်။

 

စားနပ်ရိက္ခာ ဖူလုံရေးအခြေအနေ စိုးရိမ်စရာဖြစ်နေတဲ့ အဓိကအကြောင်းအရင်းတွေကတော့ စားသောက်ကုန်တွေ စျေးတက်နေတာ၊ စီးပွားရေးအခက်အခဲတွေကြောင့် အလုပ်အကိုင်ရှားပါးတာ၊ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာရတာတွေကြောင့် ဖြစ်တယ်လို့လည်း ထပ်ဆောင်း အသိပေးထားပါတယ်။

 

လက်ရှိမှာ ပြည်တွင်းနေရပ်စွန့်ခွာသူ ၃ ဒသမ ၄ သန်းလောက်ရှိနေပြီး၊ သူတို့တွေဟာ လူသားချင်းစာနာထောက်ထားမှု အကူအညီပေါ်မှာပဲ အားကိုးနေရပါတယ်။ ဒါ့အပြင် ရိုဟင်ဂျာတွေအပါအဝင် လူဦးရေ ၁ သန်းလောက်ဟာ ဘင်္ဂလားဒေ့ရှ်နဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ ခိုလှုံနေရတဲ့အခြေအနေလည်း ရှိတယ်လို့ ဆိုပါတယ်။

 

ဓာတ်ပုံ – United Nations Myanmar

ကိုးကား- ကုလသမဂ္ဂစားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ (FAO) အစီရင်ခံစာ