ဒရုန်းဗုံးသီးဒဏ်ရာကြောင့် ပုဝါနီစစ်ကြောင်းက ရဲဘော် သီလဝ ကျဆုံး

Author လဂွန်းအိမ်
Categories
Published on Oct 16, 2024

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အခြေစိုက် တပ်ရင်းအမှတ်(၃၅၀၁)(ခွဲ_၃)ရှိ ပုဝါနီစစ်ကြောင်းက ရဲဘော် သီလဝ ဟာ ဒရုန်းဗုံးသီးဒဏ်ရာကြောင့် ဆေးကုသမှုခံယူနေချိန် ကျဆုံးခဲ့ရတယ်လို့ ပုဝါနီစစ်ကြောင်းက ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

 

အောက်တိုဘာလ ၁၃ ရက်နေ့မှာ ကျဆုံးခဲ့တဲ့ ရဲဘော်သီလဝဟာ လွန်ခဲ့တဲ့စက်တင်ဘာလ ၈ ရက်နေ့က ရေတာရှည်ခရိုင်အတွင်းရှိ ကဲလင်းဆိပ်ကျေးရွာမှာ လုံခြုံရေးယူနေချိန် စစ်ကောင်စီရဲ့ ဒရုန်း ဗုံးသီးကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ ပုဝါနီစစ်ကြောင်းမှ ရဲဘော်တစ်ဦးက ပြောပါတယ်။

“မပြီးပြတ်သေးတဲ့ တော်လှန်ရေးတာဝန်တွေကို ကျဆုံးရဲဘော်ကိုယ်စား ဆက်လက် တာဝန်ယူသွားမှာပါ” လို့ ပုဝါနီစစ်ကြောင်း တပ်စုမှူး ရဲဘော်တော်လှန်ရေးက CJ Platform ကို ပြောပါတယ်။

 

ရဲဘော် သီလ၀ (ခ) ဗိုလ်ရှိုင်းလင်းအောင်ရဲ့ တော်လှန်ရေးကာလတလျှောက် ရိုးသားဖြောင့်မတ်ပြီး စည်းကမ်းသေ၀ပ်စွာနဲ့ အနစ်နာခံပေးဆပ်ခဲ့တဲ့ အရာအားလုံးနဲ့ စွန့်လွှတ်ပေးဆပ်ခဲ့ခြင်းကို အမြဲအောက်မေ့ သတိရဂုဏ်ယူနေမယ်လို့ ပုဝါနီစစ်ကြောင်းရဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

 

ဓာတ်ပုံ – ပုဝါနီစစ်ကြောင်း

 

ပုံစာ – ကျဆုံးရဲဘော် သီလဝ ရဲ့ ဈာပနကျင်းပနေပုံ