ရန်ကုန်မှာ ဧည့်စာရင်းနဲ့ နေထိုင်သူတွေ စားဆီကတ်မရတော့လို့ ပြင်ပကနေ ဈေးကြီးပေးဝယ်စားနေရ

Author ကိုထက်
Categories
Published on Oct 16, 2024

ရန်ကုန်တိုင်း၊ ရန်ကုန်မြို့မှာ ဧည့်စာရင်းနဲ့ နေထိုင်သူတွေကို စားဆီစာအုပ်လုပ်မပေးသလို ဆီကတ်လည်းမရလို့ ပြင်ပ‌ကနေ ဈေးကြီးပေးဝယ်စားနေရတယ်လို့ ဧည့်စာရင်းနဲ့ နေထိုင်နေသူတွေက ပြောပါတယ်။

 

စားဆီစာအုပ်ကို အိမ်ထောင်စုစာရင်းရှိတဲ့အိမ်တွေကိုသာ ပြုလုပ်ပေးထားပြီး စာအုပ်မရခင်က ဆီကတ်တွေရပေမဲ့ အခုလက်ရှိမှာတော့ စာအုပ်သမားတွေသာ ဝယ်ယူလို့ရတော့တယ်လို့ သိရပါတယ်။

 

“စာအုပ်က အိမ်ထောင်စုစာရင်းသမားတွေပဲလုပ်ပေးတာ။ သူတို့တွေ စာအုပ်မရခင်က ဆီကတ်နဲ့ တိုးဝယ်ရ‌‌တုန်းက ကျွန်မတို့ဧည့်စာရင်းသမားတွေပါ ကတ်ရတော့ တိုးဝယ်လို့ရသေးတယ်။ အခုက စာအုပ်သမားတွေ စာအုပ်နဲ့ဝယ်နေရပြီ။ ဧည့်စာရင်းသမားတွေကို ဆီကတ်လည်း လူကြီးကမဝေတော့ဘူး။ ဆီက ဘယ်ကနေ ဘယ်လိုဝယ်ရမှန်းမသိဘူး” လို့ လှိုင်သာယာမြို့နယ် (၇)ရပ်ကွက်မှာ ဧည့်စာရင်းနဲ့နေထိုင်သူတစ်ဦးက ပြောပါတယ်။

 

ဆီကတ်ဝေပေးတာကို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက သက်ဆိုင်ရာ အပိုင်ရာအိမ်မှူးတွေကို ဝေခိုင်းတာဖြစ်ပြီး အခုလက်ရှိ စာအုပ်သမားတွေကိုသာ ဦးစားပေးရောင်းစေချင်တဲ့သဘောလို့ အဲဒီမြို့နယ်ထဲက ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

 

“ကိုယ်စားလှယ်ဆိုင်များများစားစားကို ဆီမချပေးတော့တာ။ ကျွန်တော်တို့ကို ဧည့်စာရင်းသမားတွေနဲ့ ပတ်သက်လို့ ဆီကတ်မဝေခိုင်းတာ အခုလအစထဲကပဲ။ ဆီသိပ်မချတော့တာဖြစ်မယ်ဗျ။ သူတို့(ဆီအသင်း)လည်း အိမ်တိုင်ရာရောက်ရောင်းတယ်ဆိုတော့။ အခုက စာအုပ်သမားတွေကလည်း အရင်လို ဆိုင်ပေါက်စိလိုက်ဝယ်ရတာမဟုတ်တော့ဘူး။ တစ်ဆိုင်ဆို အဲဒီတစ်ဆိုင်မှာ လာဝယ်ရမယ့်ရက်ကို စာအုပ်မှာတစ်ခါတည်းရေးပေးတာ” လို့ ၎င်းက ပြောပါတယ်။

 

အခုလို ဆီအသင်းက သတ်မှတ်ဈေးနဲ့ ဝယ်ယူရရှိဖို့ ခက်ခဲတာကြောင့် ပြင်ပကနေ ဈေးကြီးပေးပြီး ဝယ်စားနေရတယ်လို့ မြောက်ဥက္ကလာပမြို့နယ်က ဧည့်စာရင်းနဲ့နေထိုင်သူတစ်ဦးက ပြောပါတယ်။

 

“အိမ်ငှားခလည်း တက်တယ်။ နောက်ပြီး မီတာခကလည်း ကိုယ့်ဘာကိုယ်ပေးရတာဆိုတော့ အခုလမှာ နှစ်ဆဆောင်လိုက်ရတယ်။ စားဖို့အတွက်ဆီက အရင်ကမှဆီကတ်ရတော့ တန်းစီပြီးသွားဝယ်ရင် ၅၀ သားကို ၃၆၀၀၊ အခုက ကတ်မရတော့ အပြင်ကနေဝယ်စားနေရတာ အရင်ဝယ်ရတာထက် နှစ်ဆပေးဝယ်ရတာပေါ့” လို့ ၎င်းက ပြောပါတယ်။

 

ရန်ကုန်မှာ ပြီးခဲ့တဲ့စက်တင်ဘာလကစလို့ စားဆီကို သမဝါယမစနစ် စာအုပ်နဲ့ဝယ်ယူဖို့ စစ်ကောင်စီဘက်က လုပ်ဆောင်ခဲ့တာပါ။

 

အိမ်ထောင်စုတစ်စုကို တစ်လအတွင်း အိမ်ထောင်စုရှိ လူဦးရေအရေအတွက် တစ်ဦးကို ၅၀ သားနှုန်း ဝယ်ယူခွင့်ရပြီး စာအုပ်မရသေးတဲ့ မြို့နယ်၊ ရပ်ကွက်တွေလည်း အများအပြားရှိနေပါသေးတယ်။

 

လက်ရှိမှာ ဆီကုန်သည်အသင်းက သတ်မှတ်တဲ့ ရည်ညွှန်းဈေးကလည်း ၆၆၀၀ ကျော်အထိ ဆက်လက်မြင့်တက်လာပြီး ပြင်ပပေါက်ဈေးကတော့ ကျပ် ၁၅,၀၀၀ လောက်ရှိတယ်လို့ သိရပါတယ်။

 

ဆီကုန်သည်အသင်းက အိမ်တိုင်ရာရောက်စနစ်နဲ့လည်း ရောင်းချပေးနေပြီး အခုလကစကာ ဖုန်းနံပါတ်တစ်ခုကို သုံးပိဿာရောင်းချပေးနေတာလို့ မှာယူသူတွေဆီကနေ သိရပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်