အပန်းဖြေကမ်းခြေတွေအနီး တိုက်ပွဲတွေ နီးကပ်လာချိန် ညောင်ချောင်းသာ ပြန်ဖွင့်ဖို့ ပြင်ဆင်နေ
ဧရာဝတီတိုင်းက အပန်းဖြေကမ်းခြေတွေဖြစ်တဲ့ ချောင်းသာ၊ ရွှေသောင်ယံ ကမ်းခြေတွေအနားမှာ တိုက်ပွဲတွေဖြစ်လာချိန် ရန်ကုန်နဲ့နီးတဲ့ ညောင်ချောင်းသာကမ်းခြေ ပြန်ဖွင့်ဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်နေ့က ညောင်တုန်းမြို့အတွင်း လိုက်လံကြေညာနေတယ်လို့ မြို့ခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
ညောင်ချောင်းသာဖွင့်ဖို့ ပြင်ဆင်နေရာမှာ ဆိုင်ခန်းတွေ လေလံရယူနိုင်ဖို့ လျှောက်လွှာတင်ရမှာဖြစ်ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး နှစ်ဦးထံမှာ လျှောက်လွှာတင်ရမှာ ဖြစ်တယ်လို့ဆိုကာ ဆိုင်ခန်းလေလံဈေးနှုန်းတွေတော့ မသိရသေးဘူးလို့ စုံစမ်းသိရှိရပါတယ်။
“အရင်က စည်ပင်ကပဲ လုပ်တာ။ လျှောက်လွှာတင်ရင် စည်ပင်မှာပဲ တင်ခဲ့ရတာ။ အခုက သူတို့နဲ့ ပဏ္ဍာသင့်နေတဲ့ အုပ်ကြီးဆီကိုပဲ တင်ရမှာ။ နာမည်ကြီး အုပ်ကြီးနှစ်ယောက်ပေါ့” လို့ ညောင်တုန်းမြို့ ရန်ကင်းစံရာ ရပ်ကွက်အနီးနေထိုင်သူ အမျိုးသမီး တစ်ဦးက CJ Platform ကို ပြောပါတယ်။
ဆိုင်ခန်းလျှောက်လွှာတင်ရာမှာ လက်ရှိ အမှတ် ၃ အုပ်ချုပ်ရေးမှူးနဲ့ အမှတ် ၉ အုပ်ချုပ်ရေးမှူးတို့ထံ လျှောက်လွှာတင်ရမှာ ဖြစ်တယ်လို့ သိရပြီး လျှောက်လွှာကို ဘယ်နေရာမှာ တင်ရမယ်ဆိုတာကို တိတိကျကျ မသိကြရဘူးလို့လည်း ဆိုပါတယ်။
အခုဖွင့်မယ့် ညောင်ချောင်းသာနေရာဟာ ဧရာဝတီမြစ်ထဲစီးဝင်တဲ့ ပန်းလှိုင်မြစ်ဝက မြစ်လယ်ကျွန်းမှာ ပြုလုပ်မှာဖြစ်ပြီး အဲဒီကိုသွားဖို့ အရင် အုပ်ချုပ်ရေးမှူးဟောင်းရဲ့ ဇက်သင်္ဘောက လေလံရရှိထားတယ်လို့ မြို့ခံတချို့ရဲ့ ပြောဆိုချက်အရ သိရပါတယ်။
အရင်နေရာတွေက မြစ်ကမ်းချောက် ဖြစ်နေတဲ့အတွက် နေရာအသစ်မှာ ရွေးချယ်ပြုလုပ်ရတာဖြစ်ပြီး ဖေဖော်ဝါရီလဆန်းမှာ ဖွင့်နိုင်ဖို့ ခန့်မှန်းထားတယ်လို့ ဆိုပါတယ်။
“မြို့နယ်က ကိုင်တွယ်တာပါ။ လေလံပေး၊ ဆွဲ၊ ဝယ် လုပ်ခွင့်ရသူကတော့ လုပ်ငန်းဆောင်ရွက်မှာပါ။ မြို့နယ်က အကုန်ကြီးကြပ် ကွပ်ကဲဆောင်ရွက်သွားမှာပါ”လို့ ညောင်ချောင်းသာ ကြီးကြပ်ရေးကော်မတီနဲ့ နီးစပ်သူတစ်ဦးက CJ Platform ကို ပြောပါတယ်။
ရန်ကင်းသာကမ်းခြေ (ခေါ်) ညောင်ချောင်းသာကို အကြောင်းအမျိုးမျိုးကြောင့် ငါး နှစ်ကြာ မဖွင့်ဖြစ်ခဲ့ပေမဲ့ ကုန်ကျစရိတ်သက်သက်သာသာ၊ ခရီးနီးနီးနဲ့ အပန်းဖြေနိုင်ဖို့အပြင် လူတန်းစားမရွေး လာရောက်ပျော်ရွှင်နိုင်ကြဖို့ အခုလို ပြန်ဖွင့်ခဲ့တာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
ဒါ့အပြင် ညောင်ချောင်းသာဖွင့်ချိန်မှာ ရေအန္တရာယ်ဖြစ်မှာ စိုးရိမ်တဲ့အတွက် မနက် ၆ နာရီကနေ ညနေ ၆ နာရီအထိသာ ဖွင့်မှာဖြစ်ပြီး ကားတွေကို ညောင်တုန်းဘက်ကမ်းမှာ ထားခဲ့ရမှာဖြစ်တဲ့အပြင် ညအိပ်ခွင့် မပေးထားဘူးလို့ လည်း သိရပါတယ်။
လက်ရှိမှာ ညောင်ချောင်းသာဖွင့်မှာနဲ့ ပတ်သက်ပြီး မြို့ပေါ်နေပြည်သူများက စိတ်ဝင်စားမှု နည်းပါးနေသလို ကြီးမြင့်နေတဲ့ ကုန်ဈေးနှုန်းတွေနဲ့ ပေါ်တာဆွဲမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာတွေကြောင့် သွားရောက်ဖို့ မသေချာဘူးလို့ မြို့ခံလူငယ်တစ်ဦးက ပြောပါတယ်။
“ညောင်ချောင်းသာဖွင့်မယ်ဆိုတာလိုက်အော်တာပဲ သိလိုက်တယ်။ အရင်ညောင်ချောင်းသာထဲက ဈေးကြီးတာ အခုခေတ်ဈေးနဲ့ဆို မလွယ်ဘူး။ ကိုယ့်စားဝတ်နေရေး ရုန်းကန်နေရတာနဲ့ သွားဖြစ်မယ်မထင်ပါဘူးဗျာ”လို့ ညောင်တုန်းမြို့ လမ်းမတော်လမ်းရှိ လူငယ် အမျိုးသားတစ်ဦးက CJ Platform ကို ပြောပါတယ်။
အာရက္ခတပ်တော် AA က ဧရာဝတီအစပ်မှာရှိတဲ့ ဂွမြို့သိမ်းတိုက်ပွဲတွေ ပြင်းထန်နေချိန် ညောင်တုန်းမြို့နယ်က သပြေချောင်းကျေးရွာ အနီးမှာ စစ်ကောင်စီတပ်တွေ တပ်စွဲထားတာတွေ၊ စက္ကော့ကျေးရွာက ဘုန်းကြီးကျောင်းမှာ တပ်စွဲထားရှိမယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတဲ့အပြင် မြို့ အဝင်၊ အထွက်တွေမှာလည်း စစ်ကောင်စီဖွဲ့စည်းထားတဲ့ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့တွေက တင်းတင်းကျပ်ကျပ် ရှာဖွေဖမ်းဆီးနေတာတွေ ရှိနေပါတယ်။
ဧရာဝတီတိုင်းက မကျီးဇင်ကျေးရွာကို AA တို့ ထိုးစစ်ဆင်လာချိန်မှာ ကမ်းခြေတွေဖြစ်တဲ့ ရွှေသောင်ယံ၊ ချောင်းသာ စတဲ့နေရာတွေမှာလည်း စစ်ဘေးရှောင်တွေ ရောက်ရှိနေသလို ချောင်းသာ၊ ငွေဆောင် သွားတဲ့ အပန်းဖြေခရီးစဉ်ဖျက်သိမ်းမှု ပိုမိုများပြားလာပြီး ဟိုတယ်ဘွတ်ကင်တွေကိုလည်း လျှော့ဈေးနဲ့ ပြန်ရောင်းနေကြတာတွေ ရှိနေတယ်လို့ စုံစမ်းသိရှိရပါတယ်။
ပင်လယ်ကမ်းခြေတွေအနီးမှာ စစ်ရေးတင်းမာနေချိန် အခုလို ညောင်ချောင်းသာဖွင့်တာဟာ အပန်းဖြေခရီးသွားလိုသူတွေအတွက် အချိန်ကိုက်ဖြစ်နေတာကြောင့် လာရောက်လည်ပတ်သူ များပြားနိုင်တယ်လို့ မြို့ခံတချို့က ခန့်မှန်းထားကြပါတယ်။
ဓာတ်ပုံ – ပေးပို့
ပုံစာ- ညောင်ချောင်းသာ ပြုလုပ်မယ့် သောင်ကို တွေ့ရစဉ်