KNU နယ်မြေထဲက စစ်ရှောင်တွေ ဝမ်းရောဂါပြဿနာကြုံနေလို့ဆို

Author အညာသား
Categories
Published on Jul 15, 2024

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ မူး(မုန်း)မြို့နယ်အတွင်း စစ်ကောင်စီတပ်ကြောင့် စစ်ဘေးရှောင်နေရသူတွေ ဝမ်းရောဂါပြဿနာ ကြုံတွေ့နေရတယ်လို့ KNU သတင်းနဲ့ ပြန်ကြားရေးက ဒီနေ့ ဇူလိုင် ၁၅ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

 

ဒါပေမဲ့ စစ်ရှောင်ဦးရေနဲ့ ဝမ်းရောဂါဖြစ်ပွားသူ အရေအတွက်ဘယ်လောက်ရှိနေတယ်ဆိုတာမျိုးတော့ ထုတ်ပြန်ချက်ထဲထည့်သွင်းဖော်ပြထားတာမျိုးမတွေ့ရပါဘူး။

 

အဲဒီမြို့နယ်ထဲက ကျေးရွာများအတွင်း စစ်ကောင်စီတပ်များက စစ်ကြောင်းထိုးခြင်း၊ စခန်းချခြင်းနဲ့ လယ်ထွန်နေသူများကို လက်နက်ကြီး/ငယ်များနဲ့ ပစ်ခတ်ခြိမ်းခြောက်မှုများ နေစဉ်နဲ့အမျှ ပြုလုပ်နေတာကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU က ဆိုပါတယ်။

 

ဒါ့အပြင် မိုးတွင်းကာလဖြစ်လို့ စစ်ဘေးရှောင်များ ဝမ်းရောဂါပြဿနာနဲ့ ကြုံတွေ့နေရသလို နေရာထိုင်ခင်း၊ ဆေးဝါးမလုံလောက်မှု အခက်အခဲများကိုလည်း ရင်ဆိုင်နေရတယ်လို့ ထုတ်ပြန်ထားပါတယ်။

 

မူးမြို့နယ်အတွင်း ပြီးခဲ့တဲ့ ဇူလိုင်လ ၁၂ ရက် ည ၇ နာရီခန့်က နတ်သံကွင်းမြို့ အခြေစိုက် စစ်ကောင်စီတပ်က ပစ်ခတ်တဲ့လက်နက်ကြီးဟာ သေဂေလူကျေးရွာအတွင်း ကျရောက်ပေါက်ကွဲလို့ ကျေးရွာနေ နော်လီဇာ ၄၂ နှစ်နဲ့ စောအယ်ဒိုထူးတို့ ဇနီးမောင်နှံနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

 

အလားတူ ဇူလိုင် ၁၃ ရက် ညပိုင်းမှာလည်း နတ်သံကွင်းရှိ စစ်ကောင်စီတပ်က ရေလဲကျေးရွာအတွင်းသို့ လက်နက်ကြီး ခြောက်လုံး ပစ်ခတ်ခဲ့ရာ ထိခိုက်ပျက်စီးမှု မရှိသော်လည်း ဒေသခံတွေအနေနဲ့ ကျေးရွာများအတွင်း နေထိုင်ခြင်းမပြုရဲတော့ဘဲ ဘေးလွတ်ရာကို ပုန်းရှောင် နေထိုင်နေကြရတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – KNU

 

ပုံစာ – ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းရှိ စစ်ဘေးတိမ်းရှောင်နေတဲ့ ဒေသခံများကိုတွေ့ရစဉ်