ကမ္ဘာ့နံပါတ် ၁ အပူဆုံးဖြစ်ခဲ့တဲ့ ချောက်မြို့မှာ ရေကြီးနေပြန်


နွေရာသီမှာ ကမ္ဘာ့နံပါတ် ၁ အပူဆုံးဖြစ်ခဲ့တဲ့ မကွေးတိုင်း၊ ချောက်မြို့မှာ ဧရာဝတီမြစ်ရေ မြင့်တက်လို့ ရေကြီးနေတယ်လို့ ဒေသခံများထံမှ သိရပါတယ်။

 

ဒါကြောင့် မြစ်ကမ်းနဘေးက မြို့ပေါ်ရပ်ကွက်တချို့ရှိ နေအိမ်တွေ ခေါင်မိုးထိရေမြုပ်လို့ လူနှစ်ထောင်ခန့်ရေဘေးသင့်နေတယ်လို့ သိရပါတယ်။

 

“စားစရာ၊ သောက်စရာလိုအပ်ပါတယ်။ တချို့ရပ်ကွက်နေသူ အများစုက တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့သူတွေများတယ်” လို့ ချောက်မြို့ခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

ချောက်မြို့ ဧရာဝတီမြစ်ကမ်းဘေးက ရေအိုးစင်၊ ချောက်ရွာမ၊ ရွာဟောင်း၊ အုတ်ဖို၊ ကွက်သစ်အနောက်၊ ဇီးကပ်စု၊ ဇောတိက၊ ယာတော စတဲ့ ရပ်ကွက်တွေက ပြည်သူများ ရေဘေးဒဏ်ခံနေရတယ်လို့ ၎င်းက ဆက်ပြောပါတယ်။

 

၎င်းတို့ဟာ ရေလွတ်တဲ့ နီးစပ်ရာ ဆွေမျိုးနေအိမ်တွေမှာ ပြောင်းရွှေ့နေကြရသလို ကယ်ဆယ်ရေးစခန်းအဖြစ် ဖွင့်လှစ်ထားတဲ့ ရွာဟောင်းဓမ္မာရုံနဲ့ အုတ်ဖိုရပ်ကွက် ဘောလုံးကွင်းထဲမှာ ပြောင်းရွှေ့နေထိုင်နေရတယ်လို့ အဲဒီဒေသခံအမျိုးသားက ပြောပါတယ်။

 

အဲဒီကရေဘေးသင့်ပြည်သူတွေအတွက် သန့်ရှင်းတဲ့သုံးရေ၊ အခြေခံစားသောက်ကုန်တွေအပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်နေတယ်လို့ နောက်ထပ် ချောက်မြို့ခံတစ်ဦးက ပြောပါတယ်။

“သောက်ရေသန့်ကတော့ လူမှုရေးအသင်းတွေကတစ်ဆင့် ရေသန့်စက်ရုံတွေ၊ ပုဂ္ဂလိက အလှူရှင်တွေလှူဒါန်းနေတာရှိပါတယ်။ ကျွန်တော် ဘောလုံးကွင်းထဲက ကယ်ဆယ်ရေးစခန်းကို‌ သွားကြည့်တော့ လောလောဆယ်ဖျားနေတဲ့သူ တစ်ဦးတော့တွေ့ပါတယ်။ ဒါပေမဲ့ မသန့်ရှင်းတဲ့ရေတွေ ဆေးကြောသန့်စင်နေတာတွေတွေ့ရတော့ နောက်ဆက်တွဲဖြစ်လာမယ့် ရောဂါပြဿနာတွေ ဖြစ်လာနိုင်တဲ့ အနေအထားပေါ့” လို့ ၎င်းက ပြောပါတယ်။

 

ဧရာဝတီမြစ်ရေဟာ ချောက်မြို့မှာ ယနေ့ ဇူလိုင် ၁၅ ရက် မနက် ၆ နာရီခွဲတိုင်းထွာချက်အရ စိုးရိမ်ရေမှတ် ၁၄၅၀ စင်တီမီတာအထက် တစ်ပေခွဲကျော် ရောက်နေပြီး နောက် တစ်ရက်အတွင်း သုံးလက်မခန့် ဆက်လက်မြင့်တက်မယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ခန့်မှန်းချက်ထုတ်ပြန်ထားပါတယ်။

 

ချောက်မြို့ဟာ ပြီးခဲ့တဲ့နွေရာသီကာလ ဧပြီလ ၂၉ ရက်နေ့တုန်းက ကမ္ဘာ့အပူချိန်အမြင့်ဆုံးအဖြစ် ၄၈ ဒသမ ၂ ဒီဂရီဆဲလ်ဆီးယက်နဲ့ မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒါကြောင့် အဲဒီမြို့ထဲ လူသေဆုံးမှုများရှိခဲ့ပါတယ်။

 

 

ဓာတ်ပုံ – CJ