ယူရို ၂၀၂၄ မှာ စပိန် ဗိုလ်စွဲ

Author မောင်ရှမ်း
Categories
Published on Jul 15, 2024

ဂျာမနီနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ လေးကြိမ်မြောက်ချန်ပီယံအဖြစ် စပိန်လက်ရွေးစင်အသင်းက သမိုင်းသစ်ရေးထိုးသွားပါတယ်။

 

အိမ်ရှင် ဂျာမနီနဲ့ နာမည်ကြီး ပြင်သစ်တို့ကို ကျော်ဖြတ်လာခဲ့တဲ့ စပိန်ဟာ ဗိုလ်လုပွဲမှာ အင်္ဂလန်ကို ၂ ဂိုး ၁ ဂိုးရလဒ်နဲ့ အနိုင်ယူကာ ထိုက်ထိုက်တန်တန် ဗိုလ်စွဲသွားခဲ့တာပဲဖြစ်ပါတယ်။

 

စပိန်ဟာပြိုင်တောက်လျှောက် တစ်ပွဲမှ မရှုံးနိုင်ခဲ့ဘဲခုနစ်ပွဲဆက်အနိုင်နဲ့ ဖလားကိုင်မြောက်ခွင့်ရသွားတာဖြစ်ပါတယ်။

 

ဗိုလ်လုပွဲမှာ စပိန်နဲ့ အင်္ဂလန်နှစ်သင်းလုံးဟာ သူတို့ရဲ့ အကျစ်လျစ်ဆုံးလူစာရင်းနဲ့ ပွဲထွက်လာခဲ့ကြပြီး ချန်ပီယံဆုအတွက် ထိပ်တိုက်ရင်ဆိုင်ခဲ့ကြပါတယ်။

 

စပိန်ကတော့ ဘောလုံးကိုင်ကစားခွင့်ရခဲ့ပြီး အင်္ဂလန်ကတော့ သူတို့ရဲ့ ထုံးစံအတိုင်း အထနှေးနေခဲ့လို့ စပိန်ရဲ့ထိုးဖောက်မှုတွေ အကြိမ်ကြိမ်မြင်တွေ့ခဲ့ရပါတယ်။

 

ပထမပိုင်းအတိုင်းအတာအရ စပိန်ဟာ ဘောလုံးပိုင်ဆိုင်မှု ၆၀ ရာခိုင်နှုန်းလောက်အထိ ရရှိအောင် ကစားနိုင်ခဲ့ပေမဲ့ အခွင့်အရေးဖန်တီးမှုအပိုင်းမှာတော့ နှစ်သင်းလုံး မတိမ်းမယိမ်းအနေအထားသာ ရှိခဲ့တာပါ။ ဂိုးရဖို့ စုပြုံဖိအားပေးတာမျိုးထက် အမှားမခံတဲ့ကစားဟန်ကြောင့် အပိုင်အခွင့်အရေးမျိုးလည်း ဖန်တီးနိုင်ခဲ့ခြင်းမရှိခဲ့လို့ ပထမပိုင်းကတော့ ဂိုးမရှိသရေနဲ့ ပြီးဆုံးခဲ့ပါတယ်။

 

ဒုတိယပိုင်းအစ တစ်မိနစ်အကြာမှာပဲ စပိန်တို့ အဖွင့်ဂိုးရရှိသွားခဲ့ပြီး လမိုင်း ယာမယ်လ်ရဲ့ ဖန်တီးပေးမှုကို ဝီလီယံက အကောင်းဆုံး အဆုံးသတ်သွားခဲ့တာပါ။ မထင်မှတ်ဘဲ ဦးဆောင်ဂိုးပေးလိုက်ရတဲ့ အင်္ဂလန်ဟာ ချေပဂိုးရဖို့ တင်ကစားလာခဲ့ပေမဲ့ အကောင်းဆုံးပုံစံမှာ ရှိနေတဲ့ စပိန်ခံစစ်ကြောင်းကို မကျော်ဖြတ်နိုင်ခဲ့ပါဘူး။

 

အင်္ဂလန်နည်းပြ ဆောက်ဂိတ်ဟာ ပွဲချိန် ၆၁ မိနစ်မှာ ဟာရီကိန်းကိုထုတ်ပြီး ဝက်စ်ကင်းကို ထည့်သွင်းခဲ့သလို မိနစ် ၇၀ အရောက်မှာတော့ မိုင်နူးနေရာ ပယ်လ်မားကို ဝင်ကစားစေခဲ့ပါတယ်။

 

ပယ်လ်မားဝင်လာပြီးချိန်မှာ အင်္ဂလန်တိုက်စစ်ဟာ ပိုမိုအသက်ဝင်လာခဲ့ပြီး ၇၃ မိနစ်အရောက်မှာတော့ တန်ပြန်တိုက်စစ်မှတစ်ဆင့် ဆာကာနဲ့ ဘယ်လင်ဟမ်တို့ရဲ့ချိတ်ဆက်မှုကနေ ရရှိလာတဲ့အခွင့်အရေးကို ပယ်လ်မားက အတိကျဆုံးကန်သွင်းအဆုံးသတ်ကာ ချေပဂိုးဖြစ်စေခဲ့ပါတယ်။

 

တစ်ဂိုးစီသရေဖြစ်သွားချိန်မှာ အင်္ဂလန်က ပွဲရလဒ်ကို ထိန်းကစားဖို့ ကြိုးစားသွားခဲ့ပြီး စပိန်ကတော့ တိုက်စစ်ဆင်ကစားလာခဲ့ပါတယ်။ အင်္ဂလန်နောက်တန်းဟာ ပွဲချိန်အတွင်းမှာ အမှားအယွင်းတွေ အကြိမ်ကြိမ်ပြုလုပ်မိခဲ့ပြီး ၈၆ မိနစ်အရောက်မှာတော့ ဘယ်ခြမ်းကနေ ကူကူရယ်လာရဲ့ ဖြတ်တင်ဘောကို ဝေါလ်ကာ၊ ဂျွန်စတုန်းနဲ့ ဂူဟီတို့ မရှင်းထုတ်နိုင်ခဲ့ဘဲ အိုယာဇာဘယ်လ်က အနီးကပ်ပိတ်သွင်းကာ စပိန်အတွက် အနိုင်ဂိုးသွင်းယူသွားခဲ့ပါတယ်။

 

အင်္ဂလန်ဟာ ၈၉ မိနစ်ရောက်မှာ ဖိုဒန်ကိုထုတ်ပြီး အိုင်ဗန်တိုနေးကိုထည့်သွင်းကာ တိုက်စစ်မြှင့်ခဲ့ပေမဲ့လည်း ချေပဂိုးမရနိုင်တော့ဘဲ အရှုံးနဲ့ ရင်ဆိုင်သွားခဲ့ရပါတယ်။

 

ဒီအရှုံးကြောင့် အင်္ဂလန်အသင်းဟာ ယူရိုပြိုင်ပွဲ ၂ ကြိမ်ဆက်တိုက် ဗိုလ်လုပွဲအရှုံးနဲ့ ကြုံတွေ့ခဲ့ရပြီး ပထမဆုံးချန်ပီယံဖြစ်ခွင့်ကို လက်လွှတ်ခဲ့ရပြန်ပါတယ်။

 

စပိန်ကတော့ လေးကြိမ်မြောက်ချန်ပီယံအဖြစ် စံချိန်မှတ်တမ်းသစ်ရေးထိုးသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။

 

လေးနှစ်တစ်ကြိမ်မှကျင်းပတဲ့ ယူရိုပြိုင်ပွဲတွေကို နောက်လာမယ့် ၂၀၂၈ မှသာ ပြန်လည်ရှုစားရတော့မှာဖြစ်ပါတယ်။

 

 

ဓာတ်ပုံ – UEFA EURO 2024