ဟားခါးနဲ့ ဖလမ်းမှာ စစ်ကောင်စီက ဆိုင်ကယ်ပေါ် လူလိုက်ပါခွင့် ကန့်သတ်

Author ဆလိုင်း
Categories
Published on Jul 15, 2024

ချင်းပြည်၊ ဟားခါးနဲ့ ဖလမ်းမြို့တို့မှာ စစ်ကောင်စီက ဇူလိုင် ၁၁ နဲ့ ၁၂ ရက်တို့ကစပြီး အထူးသဖြင့် အမျိုးသားတွေကို ဆိုင်ကယ်ပေါ် လိုက်ပါခွင့် ကန့်သတ်ချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။

 

အဲဒီ ထုတ်ပြန်ချက်မှာ ဆိုင်ကယ်တစ်စီးကို အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးနောက်မှာ အမျိုးသား လိုက်ပါမစီးနင်းကြဖို့ ဖြစ်ပါတယ်။

 

အဲဒီလိုစီးနင်းသူတွေဟာ အပြစ်မဲ့ပြည်သူတွေ၊ နိုင်ငံ့ဝန်ထမ်းတွေနဲ့ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေကို ခြိမ်းခြောက်၊ ဖမ်းဆီး၊ ဌာနပိုင် ကား၊ ဆိုင်ကယ်တို့ကို လုယူတာတွေ၊ တာဝန်ဖြင့် သွားလာတဲ့ ကားတွေကို ပစ်ခတ်တာတွေ ပြုလုပ်တာကြောင့်ဖြစ်တယ်လို့ စစ်ကောင်စီဘက်က ဆိုပါတယ်။

 

စစ်ကောင်စီက အဲဒီလိုထုတ်ပြန်လိုက်ပြီးနောက် ဟားခါးမြို့မှာ ဆိုင်ကယ်တွေကို စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“ထုတ်ပြန်တဲ့ နေ့ကဆို စစ်သားတွေက တစ်မြို့လုံးစစ်တာ။ ထုတ်ပြန်ချက် မသိတဲ့သူတွေဆို နှစ်ယောက်စီးတာတွေရှိတယ်။ သူတို့တွေကိုဆို ခေါ်ပြီး ရိုက်နှက်တယ်။ သောကြာနေ့က ဆိုင်ကယ် တစ်စီး အမျိုးသား နှစ်ယောက်စီးတာ သေနတ်နဲ့ပစ်တယ်။ လူမထိဘဲ ရှောင်ပြေးသွားနိုင်လို့ တော်သေးတယ်” လို့ ၎င်းက ပြောပါတယ်။

 

ဖလမ်းမြို့မှာတော့ စစ်ကောင်စီက အမျိုးသားတွေ ဆိုင်ကယ်စီးနင်းတာနဲ့ ပတ်သက်လို့ စစ်ဆေးမှုတွေ မလုပ်ပေမဲ့ မြို့တွင်း ဌာနဆိုင်ရာရုံးတွေမှာ လုံခြုံရေး တင်းကျပ်စွာချထားတယ်လို့ ဒေသခံတစ်ဦးက CJ Platform သို့ ပြောပါတယ်။

 

“ဇူလိုင်လ ၃ ရက်နေ့က ဖလမ်းက Non-CDM ကျောင်းဆရာ/မတွေကို အပြစ်ပေးတဲ့အနေနဲ့ဆိုပြီး သူတို့ရဲ့ ဆိုင်ကယ်ဆယ်စီးကို CNDF တွေက သိမ်းယူသွားတယ်။ အဲဒီကစလို့ စစ်သားတွေက မြို့ထဲလုံခြုံရေးတင်းကျပ်ထားတယ်။ ပြီးတော့ ပစ်ခတ်မှုတွေလည်း အမြဲရှိတယ်” လို့ ၎င်းက ပြောပါတယ်။

 

စစ်ကောင်စီရဲ့ အဲဒီထုတ်ပြန်ချက်ဟာ ဇူလိုင်လ ၁၁ ရက်နေ့မှ စက်တင်ဘာလ ၈ ရက်နေ့အထိ ကာလသတ်မှတ်ထားပြီး နောက်ထပ် တစ်စုံတစ်ရာ မထုတ်ပြန်မချင်း အတည်ဖြစ်သလို မလိုက်နာရင် တည်ဆဲဉပဒေအရ အရေးယူမယ်လို့ ဆိုပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

ပုံစာ – ဟားခါးမြို့ကို အပေါ်စီးမှ တွေ့ရစဉ်