စစ်ခေါင်းဆောင်ပုံတွေကို ပစ်မှတ်ထားပြီး သေနတ်ပစ်လေ့ကျင့်မှုပြုလုပ်

Author မင်းထက်
Categories
Published on Jun 15, 2024

စစ်ကိုင်းတိုင်းအခြေစိုက် ပခုက္ကူခရိုင် အမှတ် ၃ တပ်ရင်းမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၊ စိုးဝင်းနဲ့ ဇော်မင်းထွန်းတို့ရဲ့ ဓာတ်ပုံတွေကို ပစ်မှတ်အဖြစ် ချိတ်ဆွဲပြီး သေနတ်ပစ်လေ့ကျင့်ခဲ့ကြတယ်လို့ ယင်းတပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

 

မီတာ ၁၀ဝ နဲ့ ၁၅၀ အကွာအဝေးရှိ အာဏာသိမ်းစစ်ခေါင်းဆောင်တွေရဲ့ ပုံတွေကို ချိတ်ဆွဲပြီး ချိန်ရွယ်ပစ်ခတ်နည်းပုံစံနဲ့ တိုက်ပွဲဝင်အတွေ့အကြုံမရှိသေးတဲ့ ရဲမေ ၅ ယောက်အပါအဝင် ၂၉ ယောက်ကို ဇွန်လ ၅ ရက်နေ့က လေးကျင့်ပေးခဲ့တာဖြစ်တယ်လို့ အဲဒီထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

“သတ်မှတ်အကွာအဝေးတစ်ခုမှာ ယုံကြည်မှုရှိရှိ ပစ်မှတ်ကို ထိမှန်အောင် ပစ်ခတ်နိုင်ဖို့၊ မိမိလက်နက်ရဲ့ အားသာချက်၊ အားနည်းချက်ကို သိရှိဖို့” လို့ ပခုက္ကူခရိုင် အမှတ် ၃ တပ်ရင်းရဲ့ တပ်ရေးဗိုလ်ကြီးက ပြောပါတယ်။

 

ဒါ့အပြင် ပစ်မှတ်မှန်ကန်မှုအလိုက် ရမှတ်သတ်မှတ်ပေးထားပြီး ထိမှန်အောင် ပစ်ခတ်နိုင်သူတွေကို ဆုချီးမြှင့်ခြင်းနဲ့ ပစ်မှတ်လွဲချော်သူတွေကို ပြစ်ဒဏ်ပေးခြင်းတို့ကို လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – ပခုက္ကူခရိုင် အမှတ် ၃ တပ်ရင်း