တောင်ကုတ်မြို့ကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲနေ

Author ပြည်စိုး
Categories
Published on Jun 15, 2024

အာရက္ခတပ်တော် AA ရဲ့ ဝိုင်းဝန်းပိတ်ဆို့မှုကို ခံထားရသည့် တောင်ကုတ်မြို့ကို စစ်ကောင်စီတပ်မှ ယနေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၁နာရီခွဲခန့်မှာ လေယာဉ်တွေနဲ့ စတင်ဗုံးကြဲတိုက်ခိုက်နေတယ်လို့ တောင်ကုတ်မြို့ကို ရောက်ရှိနေတဲ့ CJ Platform ရဲ့ Citizen Journalist က သတင်းပေးပို့ပါတယ်။

 

“ရွာဘက်တွေကို ထင်တယ်၊ မြို့ပေါ်ကို လေယာဉ်တွေပျံဝဲပြီးတော့ အတွဲလိုက် ဗုံးကြဲသံတွေ ကြားရတယ်၊ ပထမ ငါးကြိမ်၊ အခု ဆယ်ကြိမ်ကျော်တယ်၊ ရွာဘက်တွေကို ဆက်သွယ်မေးမြန်းနေပါတယ်”လို့ သူက သတင်းပေးပို့ ပြောပါတယ်။

 

တောင်ကုတ်မြို့ပေါ်က ဒေသခံ သုံးပုံနှစ်ပုံဟာ ဘေးလွတ်ရာဒေသတွေကို တိမ်းရှောင်သွားကြသော်လည်း ငွေးကြေးမတတ်နိုင်သူ ဒေသခံအများစုဟာ မြို့ပေါ်နဲ့ ကျေးရွာတွေမှာ ကျန်ရှိနေပါသေးတယ်။

 

ဒါ့အပြင် အရေးပေါ် ထွက်ပြေးတိမ်းရှောင်ဖို့လည်း ပြည်မြို့အထွက်လမ်းတစ်ခုကို တစ်ခုသာ ရှိနေပြီး အဲဒီလမ်းဟာ စစ်ကောင်စီတပ်တွေ ပိတ်ဆို့ထားပါတယ်။ ပင်လယ်ပြင်အတွင်းမှာရှိတဲ့ ကျွန်းစုကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်ဖို့လည်း မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် ပင်လယ်ပြင်အတွင်းမှာ လှိုင်းကြီးနေပြီး သွားလာဖို့ မဖြစ်နိုင်ဘူးလို့ CJ Platform ရဲ့ Citizen Journalist က သတင်းပေးပို့ပါတယ်။