AI ဓာတ်ပုံပြိုင်ပွဲမှာ ဓာတ်ပုံအစစ်နဲ့ ဝင်ပြိုင်ပြီး ဆုနှစ်ခုရခဲ့သူ ထုတ်ပယ်ခံရ

Author အဂ္ဂ
Categories
Published on Jun 15, 2024

AI နဲ့ဖန်တီးထားတဲ့ ဓာတ်ပုံတွေအတွက်ပြုလုပ်တဲ့ ပြိုင်ပွဲတစ်ခုမှာ ဓာတ်ပုံအစစ်နဲ့ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဓာတ်ပုံဆရာတစ်ဦးဟာ ဇွန် (၁၂) ရက်နေ့ ပြိုင်ပွဲပြီးဆုံးချိန်မှာ ဆုရခဲ့ပေမဲ့ ထုတ်ပယ်ခံခဲ့ရပါတယ်။

 

မိုင်းအက်စထရေး(Miles Astray)ဆိုတဲ့ ဓာတ်ပုံဆရာဟာ 1839 Color Photography Awards ကနေပြုလုပ်တဲ့ AI နဲ့ဖန်တီးထားတဲ့ ဓာတ်ပုံပြိုင်ပွဲခေါင်းစဉ်အောက်မှာ အစစ်လို့ကို မထင်ရလောက်အောင် လှပတဲ့ ကြိုးကြာနီတစ်ကောင်ရဲ့ ဓာတ်ပုံနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။

 

အဲဒီဓာတ်ပုံကို ဒိုင်တွေက တတိယဆု ပေးအပ်ခဲ့သလို လူကြိုက်အများဆုံးဆု People’s Vote Award ကိုပါ ရရှိခဲ့တာပါ။

 

“သဘာဝတရားကြီးဟာ စက်တွေကနေဖန်တီးထားတဲ့ အရာတွေကို အနိုင်ယူနေနိုင်ဆဲပဲ ဆိုတာရယ်၊ တကယ်စစ်မှန်တဲ့ ကြိုးစားမှု၊ ဖန်တီးမှုတွေဟာ အရည်အသွေး တန်ဖိုးတွေ ရှိနေဆဲပဲ ဖြစ်တယ်ဆိုတာကို ကျွန်တော်က ပြသချင်တာပါ” လို့ Miles က PetaPixel ကို e-mail ကနေ ပြောခဲ့ပါတယ်။

 

သူဘယ်လိုကြောင့် AI ဓာတ်ပုံပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာလဲဆိုတာနဲ့ပတ်သက်ပြီး အခုလိုပဲ ဆက်လက်ပြောကြားပါတယ်။

 

“ဓာတ်ပုံပြိုင်ပွဲတွေမှာ AI နဲ့ ဖန်တီးထားတဲ့ ဓာတ်ပုံတွေဟာ တကယ့်ဓာတ်ပုံအစစ်အမှန်တွေကို အနိုင်ယူသွားတဲ့ ဖြစ်စဉ်တွေကို မြင်တွေ့လိုက်ရပြီးတဲ့နောက်မှာတော့ အခုလိုဖြစ်နေတာတွေကို ပြောင်းပစ်ဖို့ လိုအပ်နေပြီလို့ စပြီးတွေးမိခဲ့ပြီး AI နဲ့ ဖန်တီးထားတဲ့ ဓာတ်ပုံပြိုင်ပွဲမှာ တကယ့်ဓာတ်ပုံအစစ်အမှန်နဲ့ ဝင်ရောက်ယှဉ်ပြိုင်ဖြစ်ခဲ့တာပါ” လို့ ပြောပါတယ်။

 

ဒီရောင်စုံဓာတ်ပုံပြိုင်ပွဲရဲ့ ဒိုင်တွေအဖြစ် The New York Times၊ Getty Images၊ Phaidon Press၊ Christie’s နဲ့ Maddox Gallery တို့မှာ တာဝန်ရှိသူတွေက ဆောင်ရွက်ခဲ့ကြတာပါ။ ဒါပေမဲ့ Miles ရဲ့ ဓာတ်ပုံဟာ တကယ့်အစစ်အမှန်ဖြစ်တယ်လို့ ဘယ်သူမှာ သေချာမသိခဲ့ပါဘူး။

 

1839 Color Photography ကပြုလုပ်တဲ့ ပြိုင်ပွဲဟာ အမျိုးအစားအများအပြားခွဲပြီး ပြိုင်ပွဲ ကျင်းပတာဖြစ်ပြီး AI နဲ့ဖန်တီးထားတဲ့ ပြိုင်ပွဲကသာ ကင်မရာကိုအခြေမခံတဲ့ ထူးဆန်းတဲ့ ပြိုင်ပွဲတစ်ခုလို့ ဆိုနိုင်ပါတယ်။ အခြားပြိုင်ပွဲခေါင်းစဉ်တွေကတော့ ကင်မရာအနုပညာနဲ့ ပိုပြီးနီးစပ်တယ်လို့ ဆိုနိုင်တဲ့ “ဗိသုကာပညာ”၊ “သက်ငြိမ်” နဲ့ “ရုပ်ရှင်” စတဲ့ ခေါင်းစဉ်တွေနဲ့ ပြုလုပ်ကျင်းပတာလည်းဖြစ်ပါတယ်။

 

ပြိုင်ပွဲစီစဉ်သူတွေကတော့ Miles ရဲ့ “အားကောင်းလှတဲ့ သတင်းစကား” ကို တန်ဖိုးထားလေးစားပေမဲ့ အခြားအနုပညာရှင်တွေကို ထည့်သွင်းစဉ်းစားဆောင်ရွက်ရတာဖြစ်တဲ့အတွက် ပြိုင်ပွဲကနေ ထုတ်ပယ်ရတာ ဖြစ်တယ်လို့ PetaPixel ကို e-mail ကနေ ပြောဆိုခဲ့ပါတယ်။

 

“ပါဝင်ယှဉ်ပြိုင်ကြသူတွေအတွက် မျှတပြီး ရှင်းရှင်းလင်းလင်းဖြစ်စေဖို့အတွက် ပြိုင်ပွဲအမျိုးအစားတွေကို သေသေချာချာလေး သတ်မှတ်ထားရတာဖြစ်ပါတယ်” လို့ ပြိုင်ပွဲရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုပါတယ်။

 

ပြိုင်ပွဲရဲ့ စည်းမျဉ်းစည်းကမ်းတစ်ခုဖြစ်တဲ့ AI ကနေ ဖန်တီးထားတဲ့ ဓာတ်ပုံဖြစ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်နဲ့ မကိုက်ညီတာကြောင့် ထုတ်ပယ်လိုက်တာလို့ သူက ဆက်ပြောပါတယ်။

 

“ဒါကအရေးကြီးတဲ့အချက်ပါ။ AI ဓာတ်ပုံပြိုင်ပွဲမှာ တခြားပါဝင်ယှဉ်ပြိုင်သူတွေ အနိုင်ရရှိနိုင်မယ့်အခြေအနေမျိုးကို ကျွန်တော်တို့ ပိတ်ပင်တားဆီးတာမျိုး မလုပ်ချင်ပါဘူး။ ဒီအဖြစ်အပျက်ဟာ AI ကို စိုးရိမ်နေတဲ့ ဓာတ်ပုံဆရာတွေအတွက်တော့ အသိအမြင်အသစ် (မျှော်လင့်ချက်ဆိုတဲ့ သတင်းစကား) ပါးလိုက်နိုင်တာမျိုး ဖြစ်သွားလိမ့်မယ်လို့တော့ ကျွန်တော်ထင်ပါတယ်”  လို့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

 

ပြီးခဲ့တဲ့နှစ်တွေထဲ စာသားတွေရိုက်ထည့်လိုက်ရုံနဲ့ အရင်က တစ်ခါမှမမြင်ဖူးတဲ့ ရင်သပ်ရှုမောဖွယ် ဓာတ်ပုံမျိုးကို AI ကနေ ဖန်တီးထုတ်လုပ်လာနိုင်တဲ့အထိ နည်းပညာတွေ ကျယ်ကျယ်ပြန့်ပြန့် တိုးတက်လာပြီးတဲ့နောက်မှာတော့ အချို့သောဓာတ်ပုံပြိုင်ပွဲတွေမှာ AI နဲ့ဖန်တီးထားတဲ့ဓာတ်ပုံတွေကို ဆုချီးမြှင့်ရတဲ့အထိ AI ထောင်ချောက်ထဲကို ကျဆင်းခဲ့ရပါတယ်။

 

အဲဒီလို AI ဓာတ်ပုံတွေက ဓာတ်ပုံအစစ်တွေကို လွှမ်းမိုးအနိုင်ယူလာတယ်ဆိုတဲ့ အဖြစ်အပျက်တွေထဲမှာ အဆိုးဆုံးအဖြစ်အပျက်တစ်ခုလို့ ဆိုနိုင်တာကတော့ ပြီးခဲ့တဲ့နှစ်မှာ ကျင်းပခဲ့တဲ့ Sony ကုမ္ပဏီရဲ့ 2023 Open Competition မှာ AI နဲ့ဖန်တီးထားတဲ့ ဘောရစ် အယ်ဒက်ဆန်(Boris Eldagsen) ရဲ့ The Electrician ဆိုတဲ့ ‘ဓာတ်ပုံကို တီထင်ဖန်တီးမှု’ ဆိုတဲ့ခေါင်းစဉ်အောက်မှာ Sony World Photography Awards ပေးခဲ့တဲ့ ဖြစ်စဉ်ပါပဲ။ (ဆုရရှိတဲ့ အနုပညာရှင်ကတော့ အဲဒီဆုကို လက်မခံဘဲ ငြင်းပယ်ခဲ့ပါတယ်။)

 

ဘယ်လိုပဲဖြစ်ဖြစ် Miles ရဲ့ အဆန်းထွင်မှုကတော့ စက်တွေကနေ ဖန်တီးထားတဲ့လက်ရာကို တကယ့် ဓာတ်ပုံအစစ်က အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ရှားပါးဖြစ်စဉ်တစ်ခုအဖြစ် မှတ်တမ်းတင်ရတော့မှာပါ။

 

“AI ကနေဖန်တီးထုတ်လုပ်ထားတဲ့ လက်ရာတွေက အခုအချိန်မှာတော့ တကယ့် ခေါင်းစဉ်ကြီးတစ်ခုပါပဲ။ အထူးသဖြင့် ဆန်းသစ်တီထွင်မှုဆိုတဲ့ အပိုင်းမှာပေါ့လေ” လို့ Miles ကဆိုပါတယ်။

 

အတုအယောင်နဲ့ အစစ်အမှန်ကြားက ကစားပွဲကို အပြောင်းအလဲဖြစ်စေတဲ့ နည်းပညာတွေရဲ့ အကျိုးကျေးဇူးနဲ့ အားနည်းချက်များအကြောင်းကို လူထုကြားထဲ ဆွေးနွေးငြင်းခုံရမယ့် အကြောင်းအရာတစ်ခုအဖြစ်နှိုးဆော်ပေးချင်ပါတယ်လို့ သူက ဆက်ပြောပါတယ်။

 

“ကျွန်တော့်ရဲ့ စမ်းသပ်လုပ်ဆောင်မှုက ကျွန်တော့်ရဲ့ ထင်မြင်ယူဆချက်ကို အတည်ပြုပေးနိုင်ခဲ့တဲ့အတွက် တကယ်ကိုပဲ ဝမ်းသာရပါတယ်။ သဘာဝမိခင်ကြီးရဲ့ ထီတွင်ဖန်တီးနိုင်စွန်းနဲ့ ထူးခြားဆန်းကျယ်မှုကို ကျော်လွန်နိုင်တဲ့အခြားအရာ ဘာမှမရှိပါဘူး” လို့လည်း Miles က ဖြည့်စွက်ပြောကြားပါတယ်။

 

လက်ရှိမှာတော့ Miles ဟာ AI ဓာတ်ပုံပြိုင်ပွဲမှာ ဓာတ်ပုံအစစ်အမှန်နဲ့ အနိုင်ရခဲ့တဲ့ ပထမဦးဆုံး ဓာတ်ပုံဆရာတစ်ဦးဖြစ်လာခဲ့ပါပြီ။

 

ပြီးခဲ့တဲ့နှစ်တုန်းက ဓာတ်ပုံပြိုင်ပွဲတစ်ခုမှာ ဓာတ်ပုံတစ်ပုံဟာ အလွန်ဆန်းကျယ်လှပနေတာကြောင့် အကဲဖြတ်ဒိုင်တွေက AI နဲ့ ဖန်တီးထားတဲ့ ဓာတ်ပုံဖြစ်တယ်လို့ မှားယွင်းကောက်ချက်ချပြီး ပြိုင်ပွဲကနေ ထုတ်ပယ်ခဲ့တဲ့ ဓာတ်ပုံအစစ်အမှန်တစ်ပုံ အကြောင်းကိုလည်း Peta Pixel က ဖော်ပြခဲ့ပါသေးတယ်။

 

ဓာတ်ပုံ – Miles Astray

 

ကိုးကား – Peta Pixel