ရွာငံမှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံလူငယ်တွေကို လာခေါ်တဲ့ စစ်ယာဉ်တန်း မိုင်းဆွဲခံရ၊ လေးဦး သေဆုံး

Author မင်းထက်
Categories
Published on May 15, 2024

ရှမ်းပြည်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ရွာငံမြို့နယ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံ လူငယ်တွေကို  လာရောက်ခေါ်ဆောင်တဲ့ စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား လေးဦးသေဆုံးခဲ့တယ်လို့ အဲဒီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) တာ၀န်ရှိသူတစ်ဦးက CJ Platform ကိုပြောပါတယ်။

မနေ့ မေလ ၁၄ ရက် မနက် ၉ နာရီခန့်က နွားဘန်းကြီးကျေးရွာကနေ စစ်မှုထမ်းဖို့ စုဆောင်းထားသူတွေကို ခေါ်ဆောင်ဖို့ ရွာငံမြို့၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအပါအဝင် မြို့မရဲစခန်းက Hijet ကား လေးစီးနဲ့ ထွက်ခွာလာတဲ့ စစ်သား၊ ရဲ ၊ ထွေအုပ်ဝန်ထမ်းတွေကို နွားဘန်းကြီးလမ်း၊ မုံလည် လမ်းခွဲအရောက် ပဒေသာမိုင်း သုံးလုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“ကားလေးစီးကို မိုင်းဆွဲတာမှာ ရှေ့ဆုံးလုံခြုံရေးကားကိုထိပြီး လမ်းဘေးထိုးကျသွားတယ်။ ကျန်တဲ့ကားသုံးစီးရောက်လာပြီး သေနတ်ဖောက်တယ်။ လူနာတွေကိုပြန်တင်ပြီး နောက်ကြောင်းပြန်လှည့်သွားတာကြောင့် နောက်ဒုတိယမိုင်းကွင်း မရောက်ခဲ့တဲ့အတွက် ရဲဘော်တွေလည်း အချိန်မီဆုတ်ခွာနိုင်ခဲ့ပါတယ်” လို့ အဲဒီပကဖ တာ၀န်ရှိသူက ပြောပါတယ်။

 

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ရှေ့ဆုံးက ထွက်ခွာလာတဲ့ လုံခြုံရေးကားကို မိုင်းထိမှန်ခဲ့လို့ စစ်ကောင်စီတပ်သား လေးဦးသေဆုံးပြီး ရဲမေတစ်ဦး ဒဏ်ရာရရှိခဲ့သလို နောက်ကနေ လိုက်ပါလာတဲ့ ကားတွေပေါ်ရှိ စစ်သားနဲ့ ရဲတွေက အနီးပတ်ဝန်းကျင်ကို မိနစ်အနည်းငယ်လောက် ရမ်းသမ်းပစ်ခတ်ခဲ့ပါတယ်။ အဲဒီနောက် သေဆုံးဒဏ်ရာရရှိသူတွေကို တင်ဆောင်ပြီး ရွာငံမြို့နယ်ပြည်သူ့ဆေးရုံကြီးကို သယ်ဆောင်သွားတယ်လို့ သိရပါတယ်။

 

အဲဒီ လုပ်ဆောင်မှုကို ရွာငံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – YNPDF (ရွာငံပကဖ) တပ်ခွဲ ၁ ၊ တပ်ခွဲ ၂ နဲ့ ဓနုအခြေစိုက် ၁၀၀၃ တပ်ရင်း တပ်ခွဲ  ၂ တို့က ပူးပေါင်း ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – ရွာငံပကဖ