KIA ရဲ့ စစ်ရေးအောင်မြင်မှုတွေအတွက် အခရာကျသူ စစ်ဦးစီးချုပ် ကွယ်လွန်မှုအပေါ် ဝမ်းနည်းကြောင်း မြောက်ပိုင်းသုံးဖွဲ့ ထုတ်ပြန်

Author ကိုထားဝယ်
Categories
Published on May 15, 2024

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ရဲ့ လက်ရှိစစ်ရေးအောင်မြင်မှုတွေအတွက် အခရာကျသူ စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ခေါင်လွမ်းကွယ်လွန်မှုအပေါ် မြောက်ပိုင်းညီနောင်သုံးဖွဲ့က ဒီနေ့ မေလ ၁၅ ရက်နေ့မှာ ဝမ်းနည်းကြောင်းသဝဏ်လွှာထုတ်ပြန်ပါတယ်။

 

သူဟာ KIA နဲ့အတူ ၁၉၈၈ ခုနှစ်နောက်ပိုင်းကနေ ကွယ်လွန်ချိန်အထိ တော်လှန်ရေးတာဝန်တွေကို တစိုက်မတ်မတ်ထမ်းဆောင်ခဲ့တဲ့သူလို့ ရက္ခိုင့်တပ်တော် AA၊ ကိုးကန့်တပ် MNDAA နဲ့ တအောင်းတပ် TNLA တို့က ဆိုပါတယ်။

 

လက်နက်ကိုင်ထားပေမဲ့ ဘေ့စ်ဂီတာတီးခတ်သူ၊ ကချင်ဗိုလ်ချုပ်တွေထဲက ဟာသပြောတတ်သူ၊ လူချစ်လူခင်ပေါများသူ၊ တဲ့တိုးပြောတတ်ပေမဲ့ ပူးပေါင်းလုပ်ဆောင်ချိန် တာဝန်ခံမှု၊ တာဝန်ယူမှုကောင်းတဲ့ ဗိုလ်ချုပ်လို့ မှတ်ကျောက်တင်ခံရတဲ့သူလို့ ညီနောင်အဖွဲ့က ပြောပါတယ်။

 

အဲဒီလိုလူမျိုး တော်လှန်ရေးလမ်းခုလတ်မှာ ကွယ်လွန်သွားရခြင်းဟာ အဖိနှိပ်ခံ ကချင်လူထုအပါအဝင် မြန်မာလူထုအတွက် အကြီးမားဆုံး ဆုံးရှုံးမှုလို့ ညီနောင်သုံးဖွဲ့က ရှုမြင်ပြီး ဒုတိယဗိုလ်ချုပ်ကြီးရဲ့ မိသားစု၊ လုပ်ဖော်ကိုင်ဖက်များ၊ မိခင်အဖွဲ့အစည်းနဲ့အတူ ထပ်တူဝမ်းနည်းကြေကွဲရပါတယ်လို့ ဆိုပါတယ်။

 

KIA စစ်ဦးစီးချုပ်၊ အမှတ် ၁ စစ်ဒေသမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ခေါင်လွမ်းဟာ မေလ ၁၃ ရက် ညနေ ၆ နာရီ ၂၃ မိနစ်မှာ အသည်းရောဂါနဲ့ KIA ဌာနချုပ်၊ လိုင်ဇာမြို့မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

 

သူကွန်လွန်ရခြင်းအပေါ် အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)အပါအဝင် တော်လှန်ရေးအဖွဲ့အစည်းများက ဝမ်းနည်းကြောင်း ထုတ်ပြန်ထားကြပါတယ်။

 

ဓာတ်ပုံ – ညီနောင်မဟာမိတ်သုံးဖွဲ့

 

ပုံစာ – ညီနောင်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဆင်နွှဲခဲ့စဉ်