အင်းစိန်နဲ့ ရွှေပြည်သာမှာ ယာဉ်မတော်တဆမှုတွေကြောင့် သုံးဦးသေဆုံးပြီး ဒဏ်ရာရသူတွေရှိ

Author ကိုထက်
Categories
Published on May 15, 2024

ရန်ကုန်မြို့၊ အင်းစိန်နဲ့ ရွှေပြည်သာမြို့နယ်တို့မှာ မေလ ၁၄ နဲ့ ၁၅ ရက်နေ့တို့မှာ ယာဉ်မတော်တဆမှုတွေကြောင့် လူ သုံးဦးသေဆုံးပြီး ဒဏ်ရာရသူတွေရှိခဲ့တယ်လို့ အဲဒီဖြစ်စဉ်တွေကိုသွားရောက်ကူညီခဲ့တဲ့ ရွှေမေတ္တာလူမှုကူညီရေးအသင်းဆီက သိရပါတယ်။

 

မနေ့ မေလ ၁၄ ရက် ညပိုင်းက အင်းစိန်မြို့နယ် ဘိုခြံမှတ်တိုင်အနီးမှာ လမ်းဖြတ်ကူးနေတဲ့ အမျိုးသမီးနှစ်ဦးကို YBS 131 က ကြိတ်မိတဲ့အတွက် ‌သေဆုံးခဲ့တယ်လို့ အဲဒီအသင်း တာဝန်ရှိသူက ပြောပါတယ်။

“မနေ့ညပိုင်းကဖြစ်တာ။ တညင်းကုန်းကနေ အင်းစိန်ဘက်အလာမှာ လမ်းကူးတဲ့ အဘွားတစ်ယောက်နဲ့ လူလတ်ပိုင်းအမျိုးသမီးတစ်ယောက်ကို YBS ၁၃၁ က တိုက်ပြီးကြိတ်မိသွားတာ။ အဘွားတစ်ယောက်က ခေါင်းပါပြားသွားတယ်” လို့ သူက ပြောပါတယ်။

 

ဒါ့အပြင် ဒီကနေ့ မနက်ပိုင်းကလည်း ရွှေပြည်သာမြို့နယ်၊ အမှတ် ၄ လမ်းမပေါ်မှာ ဘေးတွဲနဲ့ တွဲကားတိုက်မိပြီး ‌ဘေးတွဲမောင်းသူကို တွဲကားကကြိတ်မိလို့ သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

မနေ့ မေလ ၁၄ ရက် ညနေပိုင်းမှာလည်း ရွှေပြည်သာမြို့နယ် သံလမ်းမှတ်တိုင်အနီးမှာ ယာဉ်ခြောက်စီးဆင့်တိုက်လို့ ယာဉ်မောင်းတစ်ဦးအပါအဝင် သုံးဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

 

“လိုက်ထရပ်ကားက‌ YBS ကိုဝင်တိုက်ရင်းက ရပ်ထားတဲ့ကားတွေကိုပါ ဆင့်တိုက်သလိုဖြစ်သွားတာ။ လိုက်ထရပ်ကားယာဉ်မောင်းနဲ့ YBS ပေါ်က ခရီးသည် သုံးဦးဒဏ်ရာရသွားတယ်။ ယာဉ်မောင်းကတော့ ညပ်သွားတာဖြစ်တဲ့အတွက် ဒဏ်ရာပြင်းထန်တာပေါ့” လို့ ရွှေမေတ္တာလူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောပါတယ်။

ရန်ကုန်မှာ အခုရက်ပိုင်းထဲ ယာဉ်တိုက်မှုတွေ ခပ်စိတ်စိတ်လို ဖြစ်နေပြီး လူသေဆုံးမှုတွေလည်း ရှိနေတာပါ။

 

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ မင်္ဂလာဒုံမြို့နယ် အမှတ် ၃ လမ်းဆုံမှာ YBS တစ်စီးက လမ်းဖြတ်ကူးတဲ့အမျိုးသားတစ်ဦးကို တိုက်မိလို့ သေဆုံးမှုဖြစ်ပေါ်ခဲ့ပါသေးတယ်။

 

ဓာတ်ပုံ – ရွှေမေတ္တာလူမှုကူညီရေးအသင်း