“နှစ်သစ် ဆုတောင်း”

Author အယ်ဒီတာ
Categories
Published on Apr 15, 2024

ပြက္ခဒိန်အရ ၁၃၈၅ မှ ၁၃၈၆ ခုနှစ်သို့။ ၁၃၈၅ ခုနှစ်ကို ပြန်ကြည့်လျှင် ဘာလုပ်နိုင်ခဲ့သလဲ။ ဘာရခဲ့သလဲ။ ဘာဖြစ်ခဲ့သလဲ။ ဘာတွေ မှတ်မှတ်ထင်ထင်ကျန်ခဲ့ပါသလဲ။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့ဝယ်။ အထူးသဖြင့် တော်လှန်ရေးဝယ်။ ကြားနေတုန်းပဲလော။ ကိုယ့် တစ်နေရာစာလေး လွတ်လပ်နေဆဲဖြစ်၍ သွေးအေးနေတုန်းလော။ မေးခွန်းပေါင်းများစွာ မိမိကိုယ်ကိုပြန်မေးသင့်သည်။

 

၁၃၈၆ ခုနှစ်ထဲမှာရော မည်သည့်အကြောင်းချင်းရာတို့ကို လုပ်မည်စိတ်ကူး၍ မည်သည့်အရာတို့ကို မျှော်လင့်နေပါသနည်း။ မြန်မာနိုင်ငံကြီး အေးချမ်းရန် လိုလားနေပါသလား။ စီးပွားရေးကောင်းလာရန် မျှော်မှန်းနေပါသလား။ လုံလုံခြုံခြုံနေရရန် ငံ့လင့်နေပါသလား။ ထိုသည်တို့ မျှော်ကိုးနေပါက ကိုယ့်တစ်နေရာစာလေး ကွက်ကောင်းနေရန် မကြိုးစားသင့်တော့ပေ။

 

တစ်ဦးချင်းစီက ကိုယ်ကျိုးစွန့်မှုရှိမှ ကိုယ့်အကျိုး၊ ကိုယ့်မိသားစုအကျိုး၊ နောင်လာနောင်သားတို့အကျိုး၊ တိုင်းပြည်အကျိုး ဖြစ်ထွန်းပေမည်။ ကိုယ့်သမိုင်းကို မိမိကိုယ်တိုင်ပင် ရေးထိုးကြရပေမည်။ ယခုအချိန်အခါဝယ် ကောင်းကြောင်းရေးလျှင် သမိုင်းကြောင်းကောင်းမည်။ မကောင်းကြောင်းရေးလျှင် မကောင်းဖြစ်ပေမည်။

 

ထို့ကြောင့် ၁၃၈၆ ခုနှစ်အတွင်း ကိုယ်ကျိုးစွန့်အနစ်နာခံတတ်သူများစွာပေါ်ထွန်းပြီး ကိုယ့်သမိုင်းကြောင်း အကောင်းဆုံးရေးထိုးနိုင်သူများ ဖြစ်ကြပါစေကြောင်း CJ Platform ဝိုင်းတော်သားများက နှစ်သစ်ကူးဆုမွန်ကောင်းတောင်းပေးအပ်ပါသည်။