အသက်ငင်နေတဲ့ ချင်းတွင်းမြစ်
ချင်းတွင်းမြစ်သည် အိန္ဒိယ-မြန်မာနယ်စပ်အနီးရှိ ပတ်ကွိုင်တောင်တန်းနှင့် ကူးမွန်တောင်တန်းများမှ စတင်မြစ်ဖျားခံကာ မြန်မာနိုင်ငံအတွင်း မြောက်မှ တောင်သို့ စီးဆင်းသည့် မြစ်ကြီးတစ်ခု ဖြစ်သည်။ မိုင်ပေါင်း ၇၅၀ ခန့် ရှည်လျားသည့် ချင်းတွင်းမြစ်သည် ဧရာဝတီမြစ်၏ အကြီးမားဆုံးသော မြစ်လက်တက်တစ်ခုလည်း ဖြစ်သည်။ မြင်းခြံမြို့အနီးတွင် ဧရာဝတီမြစ်ကြီး ရှင်သန်စေရန် ‘သူ’ ပူးပေါင်းကူညီသည်။
“အရင်က ဘာမှမရှိတဲ့ ဟင်းသီးဟင်းရွက်ဈေးကိုတောင် ဈေးကြီးပေးစားနေရတာ။ ခရမ်းချဉ်သီးဆို ၇,၀၀၀၊ တစ်မိုးလုံး ပေးစားနေကြရတာ။ ဘူးသီးတစ်လုံး ၄,၀၀၀၊ ဝက်သားတစ်ပိဿာ ၂၅,၀၀၀၊ ဘယ်တုန်းက မဖြစ်ဖူးတာတွေ ခံစားနေကြရတာ။ ဒါ မဖြစ်သင့်တဲ့အရာတွေ၊ အကုန်ပျက်ပြီး ခံစားနေကြရတာ။ ဒါ မဖြစ်ပွားရင်၊ ဒါ မရှိတော့ရင် ပိုကောင်းမှာပဲ” ဟု ဘကြီးအောင်တစ်ယောက် ချင်းတွင်းမြစ်နံဘေး မြေနုကျွန်းလေးပေါ်မှာ ပျောက်ဆုံးသွားတဲ့ သူ့ရဲ့စိုက်ခင်းနေရာဟောင်းကို ငေးမောကြည့်ရင်း ပြောသည်။

ဘကြီးအောင်သည် စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မြောက်ချွန်းကျေးရွာသား စစ်စစ်ဖြစ်သည်။ ငယ်စဉ်ကတည်းက စိုက်ပျိုးရေးလုပ်ငန်းတွေကိုသာ လုပ်ဆောင်တတ်ခဲ့သူ တစ်ဦး။ သဘာဝအရ မြေဆီမြေနှစ် ကောင်းမွန်လှသည့် ချင်းတွင်းမြစ်ဘေး မြေနုကျွန်းသည် သူ့ရဲ့ ဘဝတစ်လျှောက်လုံး ရင်းနှီးရာ မိတ်ဆွေကြီးဖြစ်သည်။ သူ့အသက် (၇၀) အရွယ်မှာတော့ စိုက်စရာ စိုက်ခင်းမရှိတော့။
ယခင်က သူ့စိုက်ခင်းနေရာတွင် ဖောင်တွဲနှင့် ပိုက်များ အစီအရီ တန်းစီချထားသည်။ မျောဖောင်များက ချင်းတွင်းမြစ်အတွင်း ပျံ့နှံ့လျက် တဂျုံးဂျုံးတဂျက်ဂျက်နှင့် စက်ယန္တရားအသံများပါ ဆူညံနေသည်။
ဘကြီးအောင်၏ မြေနုကျွန်းသည် လောဘသားများ ရွှေတူးဖော်ရာ မျောလုပ်ကွက်တစ်ခု ဖြစ်သွားသည်။

ချင်းတွင်းမြစ်အထက်ပိုင်းတွင် ရှေးယခင်များစွာကတည်းက ဒေသခံများ တစ်ပိုင်တစ်နိုင် ရိုးရာရွှေကျင်နည်းများဖြင့် ရွှေကျင်လေ့ရှိကြသည်။ တောင်တန်းကြီးများမှ မြစ်ဖျားခံလာသည့် ချင်းတွင်းမြစ်သည် ရေသယံဇာတများစွာကို ပိုင်ဆိုင်ထားသလို တစ်ပိုင်တစ်နိုင် ရွှေကျင်လေ့ရှိသည့် ဒေသခံများအတွက်လည်း အဖိုးတန် ရွှေစများကို ပေးဝေလေ့ရှိသည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်အုပ်စုသည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အရပ်သားအစိုးရထံမှ အာဏာသိမ်းခဲ့သည်။ စစ်အာဏာသိမ်းကာလတစ်လျှောက် တရားဥပဒေစိုးမိုးရေးသည် ပျက်သုဉ်းသွားခဲ့ရသည်။
စစ်အုပ်စု၏ အာဏာသိမ်းယူမှုကို လက်မခံသည့် ဒီမိုကရေစီလိုလားသူများသည် တော်လှန်ရေးအင်အားစုဖွဲ့ကာ တော်လှန်ခဲ့ကြသည်။
ဘကြီးအောင် ဇာတိ မြောက်ချွန်းရွာနှင့် ချင်းတွင်းမြစ်ကြောင်းတစ်လျှောက် ကျေးရွာအများစုသည် စစ်အုပ်စု၏ စိုးမိုးမှုအောက် ၂၀၂၁ ခုနှစ်၊ နှောင်းပိုင်းကာလများမှ စတင်ကာ စောစီးစွာ ရုန်းထွက်နိုင်ခဲ့သည့် ဒေသများဖြစ်သည်။

ဒေသတွင်း အုပ်ချုပ်ရေးအဖွဲ့များ လည်ပတ်နိုင်ရေးအတွက် လိုအပ်လာသည့် ရန်ပုံငွေကို ရှာဖွေရန်မှာ ချင်းတွင်းမြစ်ကြီး ပါဝင်ရတော့သည်။
၂၀၂၂ ခုနှစ်၊ နှစ်လယ်ပိုင်းမှ စတင်ကာ ချင်းတွင်းမြစ်အတွင်း ရွှေတူးဖော်ရေးအတွက် တော်လှန်ရေးအဖွဲ့များက ကျပ်သိန်းပေါင်း သောင်းချီကာ လေလံခေါ်ယူပြီးနောက် လုပ်ငန်းရှင်များကို လုပ်ကိုင်စေခဲ့သည်။ ဒေသခံများက လက်မခံကြ။
၂၀၂၄ ခုနှစ်၊ နှစ်စပိုင်းမှာတော့ ဘကြီးအောင်၏ မြောက်ချွန်းကျေးရွာအနီးကိုပင် ရွှေမျောလုပ်ကွက်များ ရောက်ရှိလာသည်။
“သူတို့ ရွှေမျောနယ်မြေလို့ သတ်မှတ်ထားတာ၊ တစ်ဝက်ပေါ့ကွယ်။ မြေနုကျွန်းပေါ် တစ်ဝက်ကို သိမ်းထားသလိုကို လုပ်ထားတာပါ” ဟု ဘကြီးအောင်က ပြောပါတယ်။
ဘကြီးအောင်တို့ ဓားမဦးချ မြေနုကျွန်းလေးသည် ဒေသခံမိသားစုပေါင်းများစွာ မှီခိုနေရသည့် ဧက ၂၅၀ ကျော် ကျယ်ပြန့်သော အေးချမ်းခဲ့သည့် နေရာလေးတစ်ခုဖြစ်သည်။ လက်ရှိမှာတော့ စိုက်ပျိုးစရာမြေသည် သုံးပုံတစ်ပုံခန့်တောင် မကျန်ရှိတော့။

စိုက်ပျိုးစားသောက်စရာ မြေနုကျွန်း ပျက်စီးမှုအပြင် ရွှေမျောထုတ်လုပ်မှုရဲ့ ဘေးထွက်ဆိုးကျိုး သက်ရောက်မှုများကိုပါ ဘကြီးအောင်တို့ ကြုံတွေ့ခံစားနေရသည်။
မြစ်အတွင်း ရွှေမျောထုတ်လုပ်သည် ဆိုသည်မှာ ၆ ပေအထက်ရှိသည့် ပိုက်များကို ဖောင်များဖြင့်တွဲကာ မြစ်ကြမ်းပြင်အောက် ၁၀ ပေခန့်အထိ ချကာ မြစ်ကြမ်းပြင်ကို စက်ကြီးများဖြင့် စုပ်ယူပြီး ထွက်ရှိလာသည်ကို ဇကာများ (ဒေသအခေါ် ကတ္တီပါစ) ပေါ် လောင်းချကာ ရွှေပါဝင်မှုကို ပြဒါးဖြင့် ရှာဖွေကာ ရယူသည့် လုပ်ငန်းဖြစ်သည်။
မြစ်ကြမ်းပြင်တစ်လျှောက် အောက်ခံကျောက်များ ပေါ်လာသည်အထိ စုပ်ယူကြသည်။ ပြဒါးဆိပ်သင့်ရည်များကို မြစ်တွင်း ပြန်လည်စွန့်ထုတ်ကြသည်။ ချင်းတွင်းမြစ်ကြီး အသက်ငင်ကြပြီ ဖြစ်သည်။
“ပိုက်တွေနဲ့ လှည့်စုပ်နေတဲ့ အခါကျတော့ ချောက်ဖြစ်သွားတော့တာ။ မြို့တွေမယ် လမ်းခင်းသလို ကျောက်ကြမ်းတွေ ပေါ်လာရတာ။ ကြမ်းပြင်မယ် မောင်းထုတ်တာဆိုတော့။ ကိုယ့်တောင်သူတွေ ရွာကသာ ဆုံးရှုံးတာ၊ သူတို့က ဘာမှမဆုံးရှုံးဘူး၊ အမြတ်ထွက်တာ။ ရွှေမျောပိုင်ရှင်တွေနဲ့ သူတို့က။ ဆုံးရှုံးတာကတော့ တစ်ရွာလုံး တစ်အုပ်စုလုံးပါပဲ” ဟု ဘကြီးအောင်က ပြောသည်။
ရွှေမျောလုပ်ငန်းများ စွန့်ပစ်မြေစာများသည် ဒေသခံများရဲ့ စိုက်ပျိုးမြေများကို ဖျက်ဆီးလိုက်သည်။ ဘကြီးအောင်တို့ တစ်သက်တာ သောက်သုံးလာခဲ့သည့် ချင်းတွင်းမြစ်ရေသည် သူတို့အတွက် မဟုတ်တော့။
“အရင်က အခုလိုရာသီဆို ကြည်လင်နေတာ။ အခုက ရေကို သိုလှောင်ပြီး အနယ်ကျမှာ သုံးလို့ရတာ။ မနက်သုံးမယ်ဆို ညနေက ခပ်ထားမှ ရတာ။ အနယ်တွေ များတယ်။ တစ်ခါတစ်လေ ရေပေါ်မှာ ဆီတွေ မျောနေတာ” လို့ မြောက်ချွန်းကျေးရွာ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ထို့အပြင် ရွှေမျောလုပ်ကွက်များမှ စွန့်ပစ်သည့် ပြဒါးအဆိပ်သင့်ရည်များနှင့် ပတ်သက်၍ မည်သူမှ အဖက်မလုပ်၊ မည်သူမျှ မစစ်ဆေး။
ရွှေမျောလုပ်ကွက်များသည် ဒေသခံများအပေါ် မည်သို့ အကျိုးပြုမည်ဟု မသိ။
“This story was supported by Internews’ Earth Journalism Network”
