UN နှင့် ILO တိုက်တွန်းချက်ကို ဂရုမစိုက်သည့် စစ်ကောင်စီနှင့် ပူးပေါင်းမှုရပ်တန့်ပြီး NUG နှင့်ပူးပေါင်းရန် အလုပ်သမားဝန်ကြီးပြော

Author လဂွန်းအိမ်
Categories
Published on May 01, 2024

ကမ္ဘာ့ကုလသမဂ္ဂ(UN)၊ အာဆီယံ၊ အပြည်ပြည်ဆိုင်ရာအလုပ်သမားများအဖွဲ့ချုပ်(ILO)တို့၏ ဆုံးဖြတ်တိုက်တွန်းချက်များကို ဂရုမစိုက်၊ အကောင်အထည်မဖော်နိုင်သည့် စစ်ကောင်စီနှင့် ပူးပေါင်းလုပ်ဆောင်မှုရပ်တန့်ရန် အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၏ အလုပ်သမားဝန်ကြီးဌာန(MoL) ပြည်ထောင်စုဝန်ကြီး နိုင်သုဝဏ္ဏက ပြောသည်။

 

မေလ ၁ ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာအလုပ်သမားများနေ့(မေဒေး)အခမ်းအနားတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားသည်။

 

“No Federal Democracy, No Labour Rights! ဖက်ဒရယ်ဒီမိုကရေစီမရှိဘဲ၊ အလုပ်သမားအခွင့်အရေး ရရှိဖို့မဖြစ်နိုင်တာ သိပ်သေချာပါတယ်။ ဒါကြောင့် အကြမ်းဖက်‌စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ချက်ချင်းရပ်တန့်ပြီး မြန်မာအလုပ်သမား ပြည်သူတွေကို အမှန်တကယ်ကိုယ်စားပြုတဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ လက်တွေ့ကျ တဲ့ပူးပေါင်းဆောင်ရွက်မှု စတင်ဖို့တိုက်တွန်းပါတယ်” ဟု ၎င်းက ပြောသည်။

 

ILO စုံစမ်းစစ်ဆေးမှုအရ အခြေခံအလုပ်သမားရေးရာ စံနှုန်းနှစ်ခုကို စစ်ကောင်စီတပ်က ချိုးဖောက်မှုထင်ရှားသည့်အတွက် အ‌ရေးယူခံရမည့် အခြေအနေတွင်ပင် စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီး အဓမ္မစစ်သားစုဆောင်းမှုကို တရားဝင်လုပ်နေသည်ဟု ၎င်းက ပြောသည်။

 

စစ်ကောင်စီထံမှ အလုပ်သမားအခွင့်အရေးပေးရန်တောင်းဆိုနေသည့် နိုင်ငံတကာအဖွဲ့အစည်းအချို့အနေဖြင့် မဖြစ်နိုင်သည်ကို မျှော်လင့်နေသည့် စိတ်ကူးယဉ်မှုသာဖြစ်သည်ဟု NUG အလုပ်သမားဝန်ကြီးက ဆိုသည်။

 

ထို့ပြင် လက်ရှိနိုင်ငံတကာ အစိုးရများနှင့် ILO အနေဖြင့် မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ကူညီဖြေရှင်းပေးနိုင်ရန်နှင့် အလုပ်သမားများ၏ အခြေခံအခွင့်အရေးများ အပြည့်အဝရရှိစေရန် NUG အစိုးရနှင့် လက်တွေ့ကျကျပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်ဟု ဆိုသည်။

 

အထူးသဖြင့် ဇွန်လ ၃ ရက်မှ ၁၃ ရက်နေ့အထိကျင်းပမည့် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာညီလာခံတွင် NUG ကိုယ်စားလှယ်အဖွဲ့ကို အသိအမှတ်ပြုရန် နိုင်သုဝဏ္ဏက ဆက်လက်တိုက်တွန်းပြောဆိုသည်။

 

ထို့ပြင် စစ်ကောင်စီ အာဏာရယူပြီးနောက်ပိုင်း ပြည်တွင်း အလုပ်သမားများ၏ အခြေအနေမှာ အဆိုးဘက်သို့ရောက်ရှိခဲ့ပြီး လက်ရှိအချိန်တွင် အဆိုးရွားဆုံးအခြေအနေသို့ ရောက်နေပြီဟု NUG ဝန်ကြီးက ထောက်ပြပြောဆိုသည်။

 

“အလုပ်သမားတွေဟာ မိမိတို့ရဲ့ လုပ်ငန်းခွင်မှာလည်း စိတ်ဖြောင့်ဖြောင့် အလုပ်မလုပ်နိုင်တဲ့အခြေအနေ၊ လုပ်ငန်းခွင်နဲ့ အိမ်အကြား အသွားအပြန်တောင် မလုံခြုံတဲ့အခြေအနေတစ်ရပ်ကို ကြုံနေရပြီဖြစ်တယ်” ဟု ၎င်းက ပြောသည်။

 

သမိုင်းတွင် မရှိဖူးသည့် အစိုးရဝန်ထမ်းယန္တရားမှ ဝန်ထမ်း လေးသိန်းခန့်က အလုပ်သမား/ပြည်သူများနှင့်အတူ စစ်အာဏာသိမ်းမှုကို သုံးနှစ်ကျော်လာသည်အထိ ဆန့်ကျင်တိုက်ပွဲဝင်နေဆဲဖြစ်သည်ဟု NUG အလုပ်သမားဝန်ကြီးဌာနထံမှ သိရသည်။

 

ဓာတ်ပုံ – NUG/MoL