မေဒေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် ရန်ကုန်တွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်မှုပြုလုပ်

Author CJ Platform
Categories
Published on May 01, 2024

ယနေ့ကျရောက်သော(၁၃၄)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားများနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် ရန်ကုန်မြို့တွင် စစ်အာဏရှင်စနစ်ဆန့်ကျင်ရေး လှုံ့ဆော်ဆောင်ရွက်မှုတစ်ရပ် မေ ၁ ရက်တွင် ကျောင်းသားလူငယ်အဖွဲ့များပူးပေါင်း လုပ်ဆောင်ခဲ့သည်။

 

ရန်ကုန်မြို့ ကားမှတ်တိုင်တစ်ခုတွင် “တူသံဟိန်းဟိန်း မိုးခြိမ်းခြိမ်း၊ အလုပ်သမားထု နိုးထကြ” စာသားပါဘန်နာကိုချိတ်ဆွဲပြီး လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

 

ယင်းလုပ်ဆောင်မှုကို ဗမာနိုင်ငံလုံးဆိုင်ရာ‌ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ရွှေပြည်သာမြို့နယ်သပိတ်ကော်မတီ၊ New Generation Youth Strike Committee(NGYSC)၊ လူ့ဘောင်သစ်လူငယ်(YNS)တို့ ပူးပေါင်းပြီး ၁၈၈၆ ခုနှစ် ချီကာဂိုမြို့ရှိ အလုပ်သမားထု၏ တိုက်ပွဲဝင်ခြင်း ၁၃၄ ကြိမ်မြောက် မေဒေးနေ့ကို ဂုဏ်ပြုသည့်အထိမ်းအမှတ်အဖြစ် လှုပ်ရှားဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

 

၁၈၈၆ ခုနှစ် ချီကာဂိုမြို့ရှိ အလုပ်သမားထု၏ သွေးမြေကျတိုက်ပွဲမှ ရရှိခဲ့သည့် “၈ နာရီလုပ်၊ ၈ နာရီပျော်၊ ၈ နာရီနား” ဆိုသည့် ကမ္ဘာ့အလုပ်သမားထုကြီး၏ အခြေခံအခွင့်ရေးရရှိစေရန် အစပြုခဲ့သည့်အတွက် ၁၈၉၀ ခုနှစ်မှ စတင်ကာ မေ(၁)ရက်သည် အလုပ်သမားလူတန်းစားသမိုင်းတွင် အရေးပါသော အောင်ပွဲအထိမ်းအမှတ်နေ့ဖြစ်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာသွေးစည်းညီညွတ်မှု ပြယုဒ်လည်းဖြစ်ခဲ့သည်။

 

ယနေ့ ၂၀၂၄ မေ ၁ရက်မှာကျရောက်သည့် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့တွင် ဖိလစ်ပိုင်၊ မလေးရှား၊ ထိုင်းအပါအဝင် အရှေ့တောင်အာရှအဖွဲ့ဝင်နိုင်ငံများနှင့် ကမ္ဘာတဝန်းက နိုင်ငံပေါင်း ၈၀မှာ မေဒေးနေ့ အထိမ်းအမှတ် ချီတက်ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်ခဲ့ကြသည်။

 

ဓာတ်ပုံ-(YNS)