ကော့ကရိတ်တွင် စစ်ကောင်စီ ဝန်ကြီးချုပ် လိုက်ပါလာသည့် ယာဉ်တန်း တိုက်ခိုက်ခံရ

Author လင်းနွေဦး
Categories
Published on May 01, 2024

ကရင်ပြည်၊ ကော့ကရိတ်မြို့တွင် စစ်ကောင်စီခန့် ကရင်ပြည်နယ် ဝန်ကြီးချုပ် စောမြင့်ဦး လိုက်ပါလာသည့် ယာဉ်တန်းကို ယမန်နေ့ ဧပြီ ၃၀ ရက်နေ့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် ပူးပေါင်းတပ်ဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း KNLA ရဲဘော်တစ်ဦးမှ CJ Platform သို့အတည်ပြုပြောသည်။

 

စစ်ကောင်စီဝန်ကြီးချုပ် ကော့ကရိတ်မှ အပြန်လမ်းတွင် စစ်ဆင်ရေး နှစ်နေရာခွဲ၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၊ ဝန်ကြီးချုပ်ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေအား အတည်ပြု၍ မရသော်လည်း လိုက်ပါစောင့်ရှောက်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း CJ Platform ၏ ရှေ့တန်း စစ်မြေပြင် သတင်းရင်းမြစ်မှ ဆိုသည်။

 

“သူ(ဝန်ကြီးချုပ် စောမြင့်ဦး)က ကော့ကရိတ်ကိုလာတာကတစ်လမ်း။ ပြန်တော့ အခြားတစ်လမ်းပြန်မယ်လို့ သတင်းရလို့။ နေရာ နှစ်ခုခွဲပြီး မိုင်းဆွဲတာ။ ရှေ့က ကာကင်းပွိုင့်လိုက်ပေးတဲ့ ကား ၅စီးကတော့ မိုင်းရှပ်ထိပြီး အဲ့တိုင်းမောင်းပြေးတယ်။ နောက်တစ်နေရာအရောက် ထပ်ပြီး လက်နက်ငယ်တွေနဲ့ ဝိုင်းပစ်လို့ အထိနာသွားတာရှိတယ် အသေးစိတ်ကိုတော့စုံစမ်းနေဆဲပါ”ဟု စစ်ဆင်ရေးတွင် ပါဝင်တိုက်ခိုက်ခဲ့သည့် ရှေတန်း KNLA အထူးတပ်ဖွဲ့ဝင်တစ်ဦးမှ CJ Platform သို့ပြောသည်။

 

စစ်ကောင်စီခန့် ကရင်ပြည်နယ်ဝန်ကြီးချုပ်မှာ ကော့ကရိတ်မြို့တွင်းသို့ နဘူး၊ထီလုံလမ်းမှ လာရောက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြန်လည်တပ်စွဲ ထိန်းချုပ်ထားသည့် ကော့ကရိတ်မြို့တွင်း ဌာနဆိုင်ရာများပြန်လည်လည်ပတ်နိုင်ရေး မြေပြင်အခြေအနေများကို သွားရောက်စစ်ဆေးခဲ့ပြီး အပြန်လမ်းတွင်တိုက်ခိုက်ခံရခြင်းဖြစ်သည်ဟု မြေပြင် စစ်ရေးသတင်းရင်းမြစ်များထံမှ စုံစမ်းသိရသည်။

 

ယခုကဲ့သို့ စစ်ကောင်စီဝန်ကြီးချုပ် ယာဉ်တန်းတိုက်ခိုက်ခံရသည့်သတင်း မပျံနှံ့စေရေး စစ်ကောင်စီဘက်မှ သတင်းဖုံးဖိထားသကဲ့သို့ ကရင်အမျိုးသားအစည်းအရုံး (KNU) မှလည်း တရားဝင်ထုတ်ပြန်လာခြင်းမရှိသေးချေ။

 

လက်ရှိတွင် စစ်ကောင်စီဘက်မှ ဧပြီလ ၂၀ ရက်နေ့တွင် စတင်သော ဒုစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စိုးဝင်းကိုယ်တိုင် ဦးစီးလျက်ရှိသည့် နိုင်ငံတော်အဆင့် “အောင်ဇေယျ”စစ်ဆင်ရေး စစ်ကူစစ်ကြောင်းကို KNlA/PDF ပူးပေါင်းတပ်ဖွဲ့များမှ ကော့ကရိတ် ဒေါန တောင်ခြေ တစ်လျောက်နှင့် ကော့ကရိတ်လမ်းဟောင်း၊ အာရှလမ်းမ စသည့်နေရာများတွင် ကြားဖြတ်တိုက်ခိုက်လျက်ရှိသဖြင့် စစ်ကောင်စီ နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား တိုက်ပွဲများပြင်းထန်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

 

ဓာတ်ပုံ-လူမှုကွန်ရက်

 

ပုံစာညွှန်း- စစ်ကောင်စီမှ ခန့်အပ်ထားသည့် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးကို မြင်ရစဉ်(ပုံဟောင်း)