ဝက်လက်က စစ်ရှောင်နေရာကို စစ်အုပ်စု ဗုံးကြဲလို့ ကလေးငယ်တစ်ဦး အပါအဝင် ငါးဦး သေဆုံး
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်က စစ်ရှောင်တွေ နေထိုင်ရာနေရာကို စစ်အုပ်စုက ဒီဇင်ဘာ ၁၃ ရက်နေ့ ည ၉နာရီခွဲခန့်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လေးနှစ်အရွယ် ကလေးတစ်ဦး အပါအဝင် စစ်ရှောင်ငါးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်အုပ်စုဟာ ဝက်လက်မြို့နယ် အရှေ့မြောက်ခြမ်း ထုံးဘိုရွာ တောင်ဘက် သန်းကုန်းတောတိုက် အနီး စစ်ရှောင်တွေနေထိုင်နေရာကို ဂျက်ဖိုက်တာနဲ့ ဗုံးချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

လေကြောင်းတိုက်ခိုက်မှုအတွင်းမှာ လေးနှစ်အရွယ် ကလေးတစ်ဦး အပါအဝင် စစ်ရှောင်လေးဦး သေဆုံးခဲ့ပြီး ဒီဇင်ဘာ ၁၄ ရက်နေ့မှာ ဒဏ်ရာရရှိသူတွေထဲက တစ်ဦး ထပ်မံသေဆုံးခဲ့တာကြောင့် စစ်ရှောင်ငါးဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံတစ်ဦးက CJ Platform ကို ပြောပါတယ်။

ဒါ့အပြင် စစ်ရှောင် ၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ စစ်ရှောင်နေအိမ် ၈ လုံး ပျက်စီးခဲ့ရပြီး ထိခိုက်သေဆုံးခဲ့ရတဲ့ စစ်ရှောင်တွေဟာ ရွှေဘိုမြို့နယ်၊ ကုလားမကျေးရွာကနေ ဝက်လက်ကို တိမ်းရှောင်လာတဲ့ စစ်ရှောင်တွေ ဖြစ်တယ်လို့ သိရပါတယ်။

စစ်အုပ်စု လေကြောင်းတိုက်ခိုက်ခဲ့တဲ့ နေရာဟာ စစ်ရေးလှုပ်ရှားမှု တိုက်ပွဲတွေရှိတဲ့ နေရာတွေ မဟုတ်ဘဲ စစ်ရှောင်တွေ နေထိုင်ရာ နေရာတွေကို အကြောင်းမဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
“လေကြောင်းတိုက်ခံရတဲ့ စစ်ရှောင်တွေက လွန်ခဲ့တဲ့ ၂ နှစ်လောက်တည်းက အဲဒီနေရာမှာ နေတာဗျာ၊ ရွှေဘိုဘက်မှာ သူတို့နေအိမ်တွေကလည်း မီးရှို့ခံရတော့ အကုန်လုံးက တိမ်းလာပြီး ဒီဘက်ကို နေတာကြာပြီဗျ” လို့ Wetlet Informational Network က တာဝန်ရှိသူတစ်ဦးက CJ Platform ကို ပြောပါတယ်။
ရွှေဘိုမြို့နယ်၊ ကုလားမကျေးရွာဟာ ရွှေဘို – ဝက်လက်မြို့နယ်အစပ်မှာ တည်ရှိနေတဲ့ ရွာဖြစ်ပြီး ၂၀၂၂ ခုနှစ် မေလအတွင်းမှာ စစ်ကိုင်းတိုင်း ရွှေဘိုနဲ့ ဝက်လက်မြို့နယ်အစပ်ရှိ ကျေးရွာတွေဖြစ်တဲ့ ကုလားမရွာ၊ လက်ကောက်ကျရွာ၊ ထုံးဘိုကုန်းကျေးရွာတွေကို စစ်အုပ်စုက စစ်ကြောင်းထိုး မီးရှို့ခဲ့တာကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးခဲ့ရပါတယ်။
ဝက်လက်မြို့နယ်မှာ အလားတူ ဖြစ်စဉ်အနေနဲ့ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂ ရက်နေ့ကလည်း ဝက်လက်မြို့နယ် အရှေ့ခြမ်းရှိ နတ်မှော်ဦးရွာကို စစ်အုပ်စုက အကြောင်းမဲ့ ဗုံးကြဲချ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ငါးဦး သေဆုံးခဲ့ရပါသေးတယ်။
ဓာတ်ပုံ – ပေးပို့
