ထိုင်းမှာ ဓာတုစွန့်ပစ်ကန်ကို သန့်ရှင်းရေးလုပ်ချိန် အဆိပ်ငွေ့ကြောင့် မြန်မာ နှစ်ဦး သေဆုံး
ထိုင်းနိုင်ငံ ခရာဘီပြည်နယ် ပလိုင်းဖရာယာဒေသထဲက ကုမ္ပဏီတစ်ခုမှာ ဓာတုစွန့်ပစ်ကန်ကို သန့်ရှင်းရေး လုပ်ရင်း မြန်မာ နှစ်ဦး အဆိပ်ငွေ့ကို ရှူမိကာ သေဆုံးခဲ့ပြီး တစ်ဦးကိုတော့ ကယ်ဆယ်နိုင်ခဲ့တယ်လို့ ထိုင်းသတင်းဌာန Bangkok Post မှာ ဖော်ပြထားပါတယ်။

ဖြစ်စဉ်ဟာ မနေ့ နိုဝင်ဘာ ၁၄ ရက်မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး မြန်မာအမျိုးသား သုံးဦးဟာ ယူနီဝါနစ် (Uniwanich) ဆီအုန်းကုမ္ပဏီ ဝင်းထဲက ဓာတုဗေဒကန်ကို သန့်ရှင်းရေး လုပ်ဆောင်ချိန် ဟိုက်ဒရိုဂျင်ဆာလ်ဖိုက် ပါဝင်တဲ့ ဓာတ်ငွေ့တွေကို ရှူမိပြီး သေဆုံးခဲ့တာပါ။

မြန်မာ သုံးဦး ဓာတုဗေဒကန်ထဲက အဆိပ်ငွေ့ ပမာဏအများအပြားကို ရှူမိခဲ့ပြီး ကန်အတွင်း သတိလစ်မေ့လဲ နေတာကို ပလိုင်းဖရာယာရဲစခန်းတာဝန်ရှိသူတွေက သတင်းရရှိခဲ့ပြီးနောက် အရေးပေါ် ကယ်ဆယ်ရေး လုပ်ဆောင်ဖို့အတွက် ကုမ္ပဏီတာဝန်ရှိသူတွေ၊ ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ ရဲတပ်ဖွဲ့က ပြင်ဆင် ဆောင်ရွက်ခဲ့ပေမဲ့ တစ်ဦးကိုပဲ ကယ်ဆယ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဖြစ်စဉ်အတွင်း အသက် ၂၂ နှစ်အရွယ် ကိုပိုင် ဆိုသူကို ကယ်ဆယ်နိုင်ခဲ့ပြီး ပလိုင်းဖရာယာဆေးရုံကို ပို့ဆောင်ထားပေမဲ့ အခြား နှစ်ဦးဖြစ်တဲ့ အသက် ၂၄ နှစ်အရွယ် ကိုရှိန်းလင်းအောင် နဲ့ အသက် ၂၅ နှစ်အရွယ် ကိုကျော်လင်းဦး တို့ကတော့ ဓာတုဗေဒကန်အတွင်း သေဆုံးခဲ့တယ်လို့ ဒေသအာဏာပိုင်တွေက ဆိုပါတယ်။
သေဆုံးခဲ့သူ ၂ ဦးရဲ့ ရုပ်အလောင်းကို ပလိုင်းဖရာယာဆေးရုံမှာရှိတဲ့ မှုခင်းဆေးပညာရပ်ဆိုင်ရာ ဆရာဝန်တွေက လိုအပ်တဲ့ ခွဲစိတ် စစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ အခု ဖြစ်စဉ်နဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ကလည်း စုံစမ်း စစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေပြီး အခုလို ဖြစ်ရပ်မျိုး နောက်ထပ် မဖြစ်ပွားအောင် ကြိုတင် ကာကွယ်ရေး စီမံချက်တွေ စီစဉ်နေတယ်လို့ ဒေသအာဏာပိုင်တွေက ဆိုပါတယ်။
ဓာတ်ပုံ – Krabi Provincial PR office
