တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ရခိုင်ရှိပြည်သူတွေ နေထိုင်ရာနေရာတွေကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်နေ

Author CJ Platform
Categories
Published on May 15, 2025

စစ်ကောင်စီက အခုမေလအတွင်း ပြည်သူတွေကို အဓိက ပစ်မှတ်ထားကာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေရာ ရခိုင်ပြည်ရှိ ရသေ့တောင်နဲ့ ကျောက်တော်မြို့တို့ကိုလည်းလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို ဒေသခံတွေ သေဆုံး ဒဏ်ရာရရှိတာတွေ ရှိတယ်လို့ အာရက္ခတပ်တော် AA က မေ ၁၄ရက်နေ့ ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

 

စစ်ကောင်စီရဲ့ ပြည်သူကို ပစ်မှတ်ထားတိုက်ခိုက်နေရာမှာ ရသေ့တောင်မြို့နယ်က ထွန်းရဝေကျေးရွာဟောင်းကို ပြီးခဲ့တဲ့ မေ ၁၃ ရက်နေ့ မနက် ၁၀ နာရီကျော်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံ ၁၂ ဦးသေဆုံးပြီး ၂၃ ဦးဒဏ်ရာရရှိကာ နေအိမ် ၃၁ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

 

ဒါ့အပြင် ကျောက်တော်မြို့ပေါ်ကိုလည်း မနေ့က မေလ ၁၄ ရက်နေ့ ညနေ ၄ နာရီခန့်မှာ ဂျက်ဖိုက်တာတစ်စင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံ နှစ်ဦးသေဆုံးပြီး နေအိမ် ၉ လုံး ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ကနဦးသိရပြီး ထိခိုက်သေဆုံးမှု အသေးစိတ်နဲ့ နောက်ဆက်တွဲ ကိုတော့ အာရက္ခတပ်တော်က ထပ်မံဖော်ပြပေးသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

 

အာရက္ခတပ်တော် AA ရဲ့ ထုတ်ပြန်ထားချက်အရ ရသေ့တောင်မြို့နယ်က ထွန်းရဝေကျေးရွာဟောင်းကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး နှစ်လုံးနဲ့ ကြဲချခဲ့တာဖြစ်ပြီး ၂ နှစ်အရွယ် ကလေးငယ်နဲ့ ၁၀ နှစ်အရွယ် ကလေးငယ် ၂ဦးအပါအဝင် စုစုပေါင်း ဒေသခံ ၁၂ ဦးသေဆုံးခဲ့တာကို သိရပါတယ်။

 

ဒါ့အပြင် ထိခိုက်ဒဏ်ရာရရှိသူတွေထဲ စစ်ဘေးရှောင်နေသူနဲ့ ဒေသခံကလေးငယ် ၉ ဦးအပါအဝင် ဒေသခံ ၂၃ ဦးပါဝင်ခဲ့ပြီး အဲဒီအထဲ စစ်တွေမြို့က စစ်ဘေးရှောင်နေသူတွေပါဝင်တယ်လို့ဆိုပါတယ်။

 

ထွန်းရဝေကျေးရွာဟောင်းက နေအိမ်ထိခိုက်မှုတွေမှာတော့ မီးလောင်ပျက်စီးတာ၊ ပြိုကျပျက်စီးသွားတာနဲ့ အိမ်ခေါင်မိုးပွင့်နံရံကွာကျ ပျက်စီးခဲ့တာတွေ ရှိပြီး အဆောက်အဦအပျက်အစီးတွေကြား သေဆုံးသူတွေရှိခဲ့တာကိုလည်း ထုတ်ပြန်ထားတဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

 

အာရက္ခတပ်တော်(AA) ၊ တအာင်းတပ်(TNLA)၊ ကိုးကန့်တပ်(MNDAA) တို့ပါဝင်တဲ့ ညီနောင်မဟာမိတ် သုံးဖွဲ့အနေနဲ့ အင်အားပြင်း မြေငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့ရတာတွေကို ရှင်းလင်းဖယ်ရှားခြင်းနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နိုင်ဖို့ အခုမေလ ၁ ရက်နေ့ကနေ မေလကုန်အထိ တဖက်သက် အပစ်ရပ်ထားတာကို စစ်ကောင်စီက အခွင့်ကောင်းယူပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

 

စစ်ကောင်စီအနေနဲ့ ရန်ကုန်တိုင်းကလွဲပြီး အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်အပြင် ပြည်နယ်နဲ့တိုင်းအားလုံး တို့ကို မြေငလျင်လှုပ်ခတ်ပြီး နိုင်ငံတကာရဲ့ အကူအညီများစွာရရှိခဲ့ပြီးနောက် လေကြောင်းကနေ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်နေတာကို ပိုမိုပြုလုပ်လာခဲ့တာပဲ ဖြစ်ပါတယ်။

 

အာရက္ခတပ်တော်အနေနဲ့ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးသွားခဲ့ရသူတွေကို မိသားစု၊ ဆွေမျိုးများနဲ့ ထပ်တူဝမ်းနည်းရတယ်လို့ သတင်းစကားပါးခဲ့သလို အပြစ်မဲ့အရပ်သားတွေကို  အစုလိုက် အပြုံလိုက် သတ်ဖြတ်နေတဲ့ စစ်ရာဇဝတ်မှုတွေကို နိုင်ငံအနှံ့ဆက်တိုက် ကျူးလွန်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မှတ်တမ်းတင်ထားတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

 

ဓာတ်ပုံ – AA Info Desk

 

ပုံစာ – ဇန်နဝါရီလက မြောက်ဦးမြို့ကို စစ်ကောင်စီဗုံးကြဲလို့ သေဆုံးခဲ့ရသူများကို တွေ့ရစဉ်(ပုံဟောင်း)