ဟက်ကြီးရေကာတာ စီမံကိန်းကို ဆန့်ကျင်ကြောင်း အဖွဲ့အစည်းတွေနဲ့ ဒေသခံတွေ ဆန္ဒပြ

ကရင်ပြည် လှိုင်းဘွဲ့မြို့နယ်ရှိ သံလွင်မြစ်နှင့် သောင်ရင်းမြစ်တို့ ပေါင်းဆုံရာ မြစ်ဆုံမှာ အဖွဲ့အစည်းအချို့နဲ့ ဒေသခံတွေ စုပေါင်းပြီး မနေ့က မတ်လ ၁၄ ရက်နေ့မှာ အပြည်ပြည်ဆိုင်ရာ မြစ်ချောင်းများနေ့၊ ရေကာတာ ဆန့်ကျင်ရေးနေ့ အထိမ်းအမှတ်အဖြစ် ရေကာတာစီမံကိန်းကို ဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
ဟတ်ကြီးရေကာတာ စီမံကိန်းဟာ ကရင်အမျိုးသား အစည်းအရုံး(KNU) တပ်မဟာ ၅ ထိန်းချုပ် နယ်မြေ အတွင်းမှာရှိတာဖြစ်ပြီး ရေကာတာ ဆန့်ကျင်ရေးလှုပ်ရှားမှု အခမ်းအနားကို အရပ်ဖက်အဖွဲ့အစည်းတွေ၊ ဒေသခံ အာဏာပိုင်တွေ၊ ကော်သူးလေဒေသအတွင်းရှိ ဒေသခံတွေနဲ့ ထိုင်းနိုင်ငံက အရပ်ဖက်အဖွဲ့အစည်းတွေပါဝင်ကာ အင်အား (၃၀၀) ခန့် တက်ရောက် ဆန့်ကျင်ဆန္ဒပြခဲ့ကြတယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားတာပါ။
“ သံလွင်မြစ် ဖြစ်ဖြစ် သောင်ရင်းမြစ်ဖြစ်ဖြစ် ဒီမြစ်တွေဟာ ကျတော်တို့ ဘိုးဘွားအစဉ်အဆက် လှုပ်ရှား နေထိုင်တဲ့ နေရာတွေဖြစ်တယ်၊ ဒီ ရေကာတာစီမံကိန်း ဖြစ်လာခဲ့မယ် ဆိုရင် ထိုင်း၊ တရုတ်နဲ့ မြန်မာနိုင်ငံက အစိုးရတွေဘဲ အကျိုးအမြတ်ရရှိမှာဖြစ်ပြီး ဒေသခံ ပြည်သူ လူထုတွေရဲ့ နေထိုင်စားသောက်ရာ နေရာတွေဘဲပျက်စီးရမှာဖြစ်တယ်” လို့ KNU မူတြော်ခရိုင်တာဝန်ရှိသူတစ်ဦးက ဆန္ဒပြပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
သံလွင်မြစ်ပေါ်မှာ ဟက်ကြီးရေကာတာတည်ဆောက်မယ့် စီမံကိန်းကို နဝတ/နအဖ စစ်အစိုးရ လက်ထက်ကတည်းက ရေအားလျှပ်စစ်စွမ်းအင် ၁၂၀၀ မီဂါဝပ်ထုတ်လုပ်နိုင်ရန်ရည်ရွယ်ပြီး ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံတို့နဲ့ ၂၀၀၆ ခုနှစ်မှာ သဘောတူညီ လက်မှတ်ထိုးခဲ့ကြတာပါ။
“သံလွင် မြစ်ပေါ်မှာ တည်ဆောက်မယ့် ဟက်ကြီးရေအားလျှပ်စစ်စက်ရုံမျိုးဟာ ကရင်ပြည်နယ်ကို အထောက်အကူပြုမှာ ဖြစ်တဲ့အတွက် ဆောင်ရွက်သင့်ပြီး အကြောင်းအမျိုးမျိုးပြ ကန့်ကွက်နေသူတွေကို နားလည်စေလိုတယ်” လို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က အာဏာသိမ်းပြီးစ ၂၀၂၁ ခုနှစ် မေလ ၃၁ ရက်နေ့ ကရင်ပြည်ခရီးစဉ်မှာပြောခဲ့ပါသေးတယ်။
ဟက်ကြီးရေကာတာစီမံကိန်းနဲ့ပတ်သတ်ပြီး ကရင်အရပ်ဘက်အဖွဲ့အစည်းနဲ့ ဒေသခံတွေက အကြိမ်ကြိမ်ကန့်ကွက်ဆန္ဒပြခဲ့ကြပြီး စစ်ကောင်စီက စီမံကိန်းကို အသက်ပြန် သွင်းလာတာဟာ ဒေသခံတိုင်းရင်းသားတွေရဲ့ သဘောထားနဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကို လျစ်လျုရှုကာ အာဏာကိုဆုတ်ကိုင်ထားနိုင်ဖို့ သံလွင်မြစ်ကို တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံ တို့ကို ရောင်းစားတဲ့ လုပ်ရပ်သာဖြစ်တယ်လို့ ဒေသခံတွေက ရှုမြင်နေကြပါတယ်။
ဓါတ်ပုံ − KNU
ပုံစာ – ဟတ်ကြီး ရေကာတာ ဆန့်ကျင်ရေးလှုပ်ရှားမှုအခမ်းအနား ပုံရိပ်များ