စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ နဲ့ တွေ့ဆုံဖို့ TNLAအဖွဲ့ ကူမင်းကိုရောက်ရှိနေ၊ စစ်ရေးပြသနာတွေ ဖြေရှင်းဖို့ဟုဆို

တရုတ်နိုင်ငံ၏ ကြားဝင်စီစဉ်မှုနဲ့ လက်ရှိစစ်ရေးပြဿနာတွေ ပြေလည်အောင် ဖြေရှင်းနိုင်ဖို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး-PSLF/TNLAရဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မနေ့က ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းမြိုကို ရောက်ရှိနေပြီးဖြစ်တယ်လို့ PSLF/TNLA ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
PSLF/TNLA ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားက ကိုယ်စားလှယ်အဖွဲကို ဦးဆောင်ပြီး မဟာမိတ်ဆက်ဆံရေးဌာနမှူး ဗိုလ်မှူးကြီး တာမိုးဟိန်း အပါအဝင် ကိုယ်စားလှယ် ၉ ဦးတက်ရောက်မှာဖြစ်ပြီး မနက်ဖြန် ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ စတင်တွေ့ဆုံမှာဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်ကတော့ MNDAA ကိုးကန့်တပ်ဖွဲ့နဲ့တွေ့ဆုံခဲ့တဲ့ အမှတ်(၁) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုဗိုလ်ချုပ်ကြီး ကိုကိုဦးက ဦးဆောင်မှာဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။
လက်ရှိမှာ တအာင်းတပ် TNLA အနေနဲ့ ၁၀၂၇ စစ်ဆင်ရေး နှစ်ကျော့အတွင်း နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်၊ သီပေါမြို့တို့အပါအဝင် မြို့ ၁၂ ခုအထိ သိမ်းပိုက်ထိန်းချုပ်ထားပြီး ပြည်သူ့အုပ်ချုပ်ရေးစနစ် ဖော်ဆောင်နေပါတယ်။
စစ်ကောင်စီကတော့ တအာင်းတပ်မတော် TNLA ထိန်းချုပ်ရာနေရာတွေကို မကြာခဏဗုံးကြဲတိုက်ခိုက်နေပြီး ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ကျောက်တွင်းလုပ်သား ငါးဦး သေဆုံးခဲ့ရသလို နောင်ချိုမြို့နယ်က သပြေရေတောင်ဘုရားကုန်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သပြေတောင်ဘုရားကုန်းပေါ်ရှိ စေတီတော် ပျက်စီးခဲ့ရပြီး ကြံခုတ်နေသူ ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဇန်နဝါရီ ၂၁ ရက်နေ့က နောင်ချိုမြို့ စည်ပင်ရုံးနဲ့ ထွေအုပ်ရုံးတို့အနီး ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့မှုအတွင်း ဒေသခံ ၁ ဦး သေဆုံးတဲ့အပြင် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို စည်ပင်ရုံးအဆောက်အအုံနဲ့ လူနေအိမ် ၁ လုံးပျက်စီးခဲ့ပါတယ်။
ဇန်နဝါရီ ၂၂ ရက်နေ့ကလည်း နောင်ချိုမြို့နယ် ရဲစခန်းနဲ့ ပါရမီလက်ဖက်ရည်ဆိုင်အနီး ဗုံးနှစ်လုံး ကြဲတိုက်ခိုက်ခံရမှုအတွင်း အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၅ ဦး သေဆုံးတဲ့အပြင် ၁ ဦး ထိခိုက် ဒဏ်ရာရခဲ့သလို နေအိမ် နှစ်လုံးနဲ့ ရဲစခန်း ထိခိုက်ပျက်စီးခဲ့တယ်လို့ PSLF/TNLA ရဲ့ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။
ဓာတ်ပုံ – PSLF/TNLA
ပုံစာ – ဖေဖေါ်ဝါရီ ၁၀ရက်နေ့တွင် စစ်ကောင်စီမှ မိုးကုတ်မြို့အနောက်ပိုင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ပုံ