တော်လှန်ရေးဒရုန်းတပ်ဖွဲ့တွေအနေနဲ့ Federal Wings ရဲ့ နည်းပညာအကူအညီကို ရယူဖို့လိုအပ်တယ်ဆိုရင် ကူညီဖို့ အသင့်ရှိတယ်လို့ဆို

Federal Wings ရဲ့ နည်းပညာ အကူအညီ ရယူဖို့လိုအပ်နေတဲ့ တော်လှန်ရေးဒရုန်းတပ်ဖွဲ့တွေကို ကူညီဖို့ အသင့်ရှိသလို နည်းပညာပိုင်းဆိုင်ရာ အကူအညီတွေ မေးစရာမေးခွန်းတွေ ကို Federal Wings ရဲ့ Page ကို အချိန်မရွေး လာရောက်ဆက်သွယ်နိုင်တယ်လို့ ဒီကနေ့မှာ Federal Wings က ထုတ်ပြန်လာပါတယ်။
အဲဒီလို အကူအညီပေးရာမှာ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန MOCIT ကတဆင့် Federal Wings နဲ့ချိတ်ဆက်ဆောင်ရွက်ခဲ့တဲ့ တော်လှန်ရေးဒရုန်းတပ်ဖွဲ့တွေကို ကူညီဆောင်ရွက်ပေးဖို့ ရည်ညွန်းထားတာဖြစ်တယ်လို့ နားလည်ရပါတယ်။
“MOCIT ကတဆင့် Federal Wings နဲ့ချိတ်ဆက်ဆောင်ရွက်ခဲ့တဲ့ တော်လှန်ရေးဒရုန်းတပ်ဖွဲ့တွေ အနေနဲ့ ဘယ်အဖွဲ့အစည်းခေါင်းစဉ်/နာမည်နဲ့ တော်လှန်ရေးမှာဆက်လက်လှုပ်ရှားနေသည်ဖြစ်ပါစေ Federal Wings ရဲ့ နည်းပညာအကူအညီကို ရယူဖို့လိုအပ်တယ်ဆိုရင် Federal Wings က ကူညီဖို့ အသင့်ရှိပါတယ်” လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။
MOCIT ကနေ တဆင့် ချိတ်ဆက်ခဲ့ကြတဲ့ တချို့တော်လှန်ရေးဒရုန်းတပ်ဖွဲ့တွေက နည်းပညာဆိုင်ရာ အခက်အခဲတွေရှိနေပေမဲ့ Federal Wings ရဲ့ အခြေအနေမှန်ကို မသိရှိပဲ ဝေဝါးနေကာ မဆက်သွယ်ရဲပဲ အခက်အခဲ ကြုံတွေ့နေရတယ်ဆိုတာကို ကြားသိရတယ်လို့လည်း ဆိုပါတယ်။
Federal Wings အနေနဲ့ တော်လှန်ရေးက လမ်းခွဲသွားတာမဟုတ်ပဲ စစ်အာဏာရှင်စနစ် တိုက်ထုတ်နေသူတိုင်းကို Federal Wings ရဲ့ တော်လှန်ရေးမိတ်ဆွေ ရဲဘော်ရဲဘက်တွေလို့ ခံယူထားပြီး စစ်အာဏာရှင်စနစ်ကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှနဲ့ ဆက်လက်တိုက်ထုတ်နေတယ်လို့ ဖော်ပြရေးသားထားပါတယ်။
Federal Wings ဒရုန်းတပ်ဖွဲ့အနေနဲ့ ၂၀၂၁ ခုနှစ်က စတင်ကာ NUG နဲ့ ဆက်သွယ်ဆောင်ရွက်ရာမှာ အောင်မြင်မှုမရှိခဲ့ပဲ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးနဲ့ ဆက်သွယ်ကာ Federal Wings Committee – MOCIT တစ်ခု သီးသန့်ဖွဲ့စည်းပြီး တော်လှန်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့တာပဲ ဖြစ်ပါတယ်။
Federal Wings နဲ့ MOCIT တို့ကြား ပြီးခဲ့တဲ့နှစ် ဇွန်လအတွင်း ကလောမြို့က ဟိုတယ် မဲဖောက်မယ့် The Key Project နဲ့ ပတ်သတ်ကာ အမြင်သဘောထားများကွဲလွဲခဲ့တဲ့အပြင် Federal Wings Facebook Page Admin ဖြစ်သူနဲ့လည်း မကျေလည်မှုတွေရှိခဲ့ရာကနေ ငွေစာရင်းရှင်းတမ်းများ တောင်းခံရာက နှစ်ဖက်အကြား ကွဲလွဲလာခဲ့တာ ဖြစ်တယ်လို့ MOCIT နဲ့ နီးစပ်သူတစ်ဦးထံကနေ သိရှိရပါတယ်။
ဒါ့အပြင် ငွေစာရင်းရှင်းတမ်းတောင်းခံခြင်းဟာ စတင်ဖွဲ့စည်းစဉ်က သဘောတူညီမှုတွေနဲ့ ကွဲလွဲနေတဲ့အပြင် ငွေကြေးသုံးစွဲတဲ့အဖွဲ့၊ ပစ္စည်းလက်ဝယ်ထားရှိတဲ့အဖွဲ့က ငွေစာရင်းမတင်ပြပဲ Federal Wings Committee ငွေကြေးစိုက်ထုတ်သူအဖွဲ့ကို ငွေစာရင်းရှင်းလင်းဖို့ Federal Wings Facebook Page တွင်ရေးသားခဲ့တာကြောင့် Federal Wings Committee ဖျက်သိမ်းဖို့ ဖြစ်လာရတာဖြစ်တယ်လို့ ဆိုပါတယ်။
Federal Wings Committee – MOCIT ကနေ ရှင်းလင်းချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၀ ရက်နေ့က အပြီးတိုင်ဖျက်သိမ်းလိုက်ပြီ ဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – Federal Wings