လင်းဖာစစ်ရှောင်စခန်းရှိ စစ်ရှောင်နေအိမ်များကို မြေပိုင်ရှင်က နေခွင့်မပေးတော့တဲ့အတွက် မြေနေရာအသစ်ကို ပြောင်းရွေ့နေရပြီး အိမ်ဆောက်ရန် အခက်အခဲကြုံနေရ

မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင် လင်းဖာကျေးရွာ(LaiPha) မှာမှီခိုနေထိုင်နေရတဲ့ ချင်းပြည် ပလက်ဝမြို့နယ်က စစ်ဘေးရှောင်တွေဟာ မြေပိုင်ရှင်က ဆက်နေခွင့်မပြုတော့တဲ့အတွက် ဖေဖော်ဝါရီလဆန်းပိုင်းက စတင်ပြီး မြေနေရာအသစ်ကို ပြောင်းရွှေ့နေရကာ နေရာအတည်တကျမရှိတဲ့အတွက် ပြောင်းရွှေ့နေရတာမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ စစ်ဘေးရှောင်တွေဆီကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ပထမအပတ်က တစ်ကြိမ် ဇန်နဝါရီလက တစ်ကြိမ် မြေပိုင်ရှင်က ဆက်လက်နေထိုင်ဖို့ တစ်လလျှင် ရူပီး ၅၀၀၀ ပေးမှသာ နေထိုင်ခွင့်ပြုတော့မယ်လို့ ဆိုတာကြောင့် နေရာအသစ်ကို ရှာဖွေကာ ပြောင်းရွှေ့နေထိုင်ဖို့ ပြင်ဆင်နေရတာ ဖြစ်တယ်လို့ သိရပါတယ်။
“အခု အသစ်ဆောက်တဲ့နေရာက မြေပိုင်ရှင်အသစ်နောက်တစ်ယောက်က ခွင့်ပြုပေးတာပါ။ အခကြေးငွေ မပေးရပါဘူး။ ကျေးရွာတာဝန်ခံ VCP (Village Council President) တွေဆီကိုလည်း အကြောင်းထားပြီးပြီ။” လို့ လင်းဖာစစ်ရှောင်စခန်းတာဝန်ခံက CJ Platform ကို ပြောပါတယ်။
ပလက်ဝက စစ်ဘေးရှောင်တွေအတွက် တရားဝင် နေရာချပေးထားပေးတဲ့ နေရာမျိုးမရှိသလို မကြာခဏပြောင်းရွှေ့နေရတဲ့အတွက် အခက်အခဲတွေဖြစ်ရတယ်လို့ သူကဆက်ပြောပါတယ်။
အခုနေရာသစ်ဟာ လင်းဖာကျေးရွာ အောက်ဘက်ပိုင်း ကုလားတန်မြစ်အနီးမှာရှိပြီး စစ်ဘေးရှောင်တွေက သူတို့ နေထိုင်မယ့်အိမ်အတွက် ဝါး၊ ထရံ၊ ဝါးကပ်တွေနဲ့ အမိုးအတွက် တလူရွက်တွေကို ကိုယ်ထူကိုယ်ထ ခုတ်ယူ ဆောက်လုပ်နေကြကာ လက်ရှိမှာ နေအိမ် နှစ်လုံးသာ ဆောက်လုပ်ပြီးသေးတယ်လို့ သိရပါတယ်။
ကျန်ရှိတဲ့ နေအိမ်တွေကိုလည်း အချင်းချင်းဝိုင်းဝန်းဆောက်လုပ်နေကြပြီး ပြီးစီးသွားတဲ့နေအိမ် နှစ်လုံးမှာတော့ ပြီးပြီးချင်းပဲ ပြောင်းရွှေ့နေထိုင်ကြပေမဲ့ ကျန်နေအိမ်တွေကို ဆောက်လုပ်ဖို့ ပြင်ဆင်နေရဆဲ ဖြစ်တယ်လို့ စစ်ရှောင်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။
ပလက်ဝဒေသမှာ အာရက္ခတပ်တော် AA က အုပ်ချုပ်ရေး ယန္တရားလည်ပတ်နေပြီး မိမိတို့ဒေသမှာ လုံခြုံမှုရှိမှာ မဟုတ်ဘူးလို့ ခံစားရတာကြောင့် ပြန်လည်ဝင်ရောက်နေထိုင်ခြင်း မရှိတာလို့လည်း သိရပါတယ်။
“ဒေသခံတွေကို ပြန်လာဖို့ပြောတဲ့ သတင်းတော့ ကြားရတယ်။ ဒါပေမယ့် ပလက်ဝမြို့နယ်မှာ အေအေတွေက သူတို့ရဲ့ အုပ်ချုပ်ရေးယန္တရားကို ပုံဖော်ချင်တဲ့အတွက် လုပ်တာပဲဖြစ်မယ်လို့ မြင်တယ်။ ကိုယ့်ဒေသတွင်းမှာ နေထိုင်ရတာ လုံခြုံမှုရှိတယ်လို့ မခံစားရတော့ဘူး။ အဆင်ပြေတဲ့တစ်နေ့တော့ ကိုယ့်အိမ်ကိုယ့်ယာကို ပြန်ပြီးနေချင်တယ်။” လို့ လင်းဖာစစ်ရှောင်စခန်းမှ ၃၅ နှစ်အရွယ် စစ်ရှောင်တစ်ဦးက CJ Platform ပြောပါတယ်။
ပလက်ဝက စစ်ဘေးရှောင်တွေဟာ လျှပ်စစ်မီးနဲ့ ရေသွယ်ယူရရှိရေးအတွက် အခက်အခဲဖြစ်နေကြသလို ဆိုလာနှင့်ဘက်ထရီကို အသုံးပြုနေရပြီး ယင်လုံအိမ်သာတွေအတွက်လည်း လိုအပ်နေကြတယ်လို့ သိရပါတယ်။
ပလက်ဝမြို့နယ်က စစ်ဘေးရှောင်တွေဟာ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော် AA နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့အကြား တိုက်ပွဲကြောင့်ထွက်ပြေးလာကြသူတွေရှိသလို ပလက်ဝကို AA ကသိမ်းပိုက်ပြီး နောက်မှာ အကြောင်းအမျိုးမျိုးကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသူတွေ ဖြစ်တယ်လို့ ပလက်ဝကောင်စီ၊ လူမှုဝန်ထမ်းနှင့် ကူညီကယ်ဆယ်ရေးဌာနမှူးထံမှ သိရပါတယ်။
လင်းဖာကျေးရွာမှာ ပလက်ဝစစ်ဘေးရှောင် အိမ်ထောင်စု ၁၀ စုရှိပြီး အမျိုးသား ၁၉ ဦး၊ အမျိုးသမီး ၂၇ ဦး စုစုပေါင်းလူဦးရေ ၄၆ ဦး ရှိတယ်လို့ လင်းဖာစစ်ရှောင်စခန်းတာဝန်ခံထံမှ သိရပါတယ်။
ဓာတ်ပုံ – James
ပုံစာ – မီဇိုရမ်ပြည်နယ် လင်းဖာကျေးရွာ စစ်ရှောင်စခန်းပုံ