ဒီတစ်ပတ် ကမ္ဘာကြီး ဘာထူးလဲ? (ဒီဇင်ဘာ ၈ ရက်နေ့မှ မှ ၁၄ ရက်အထိ)

Author ရှိုး
Categories
Published on Dec 14, 2024

ဒီတစ်ပတ် (ဒီဇင်ဘာ ၈ ရက်နေ့မှ ၁၄ ရက်နေ့အထိ) အတွင်းမှာတော့ အမေရိကန်က ယူကရိန်းကို ဒေါ်လာ တစ်ဘီလီယံနီးပါး အကူအညီပေးမဲ့ သတင်းအပါအဝင် ဒီမိုကရေစီကို ကာကွယ်ချင်လို့ စစ်အုပ်ချုပ်ရေး လုပ်ရတာလို့ တောင်ကိုရီးယားသမ္မတ ထပ်ပြောတဲ့ သတင်းတွေဟာ ကမ္ဘာ့ထိပ်တန်းသတင်းတွေ ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ဩစတြေးလျမှာ ဗိုင်းရပ်စ်နမူနာတွေ ပျောက်ဆုံးနေတဲ့သတင်း၊ ဇူကာဘက်က ထရမ့်ကျမ်းကျိန်ပွဲကို ဒေါ်လာတစ်သန်းလှူတဲ့ သတင်းနဲ့ အမေရိကန်ကို ရုရှားနိုင်ငံသားတွေ ခရီးမသွားဖို့ ရုရှားအစိုးရသတိပေးတဲ့ သတင်းအကြောင်းအရာတွေဟာ ဒီတပတ်အတွင်းမှာ ဟော့ဖြစ်ခဲ့ပါတယ်။ ဒီသတင်းအကြောင်းအရာတွေကို အနှစ်ချုပ်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

****************************************

“ယူကရိန်းအတွက် ဒေါ်လာ တစ်ဘီလီယံနီးပါးရှိတဲ့ ပက်ကေ့ချ်”

 

အမေရိကန် ပြည်ထောင်စုဟာ ယူကရိန်းအတွက် ဒေါ်လာ ၉၈၈ သန်း အကူအညီပေးဖို့ ဆုံးဖြတ်ထားပါတယ်။ အမေရိကန်ဟာ ရုရှား-ယူကရိန်း စစ်ပွဲမှာ ယူကရိန်းကို အဓိကနေရာက ပံ့ပိုးကူညီနေတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ ဒီလိုကူညီမှုတွေကြောင့်လည်း အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ ထရမ့်က လက်ရှိသမ္မတ ဂျိုးဘိုင်ဒင်လက်ထက် ယူကရိန်းအပေါ် ကူညီမှုတွေကို ပြင်းပြင်းထန်ထန် ဝေဖန်ထားပါတယ်။

အခု အမေရိကန်ဘက်က ကူညီမှုမှာတော့ ယူကရိန်းလုံခြုံရေး အကူအညီအတွက် ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့  အဆင့်မြင့် ဟိုင်းမားစ်ဒုံးစနစ်တွေအတွက်ပါ ရေရှည်တည်တံ့ရေးအတွက် ကူညီသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာလည်း  ယူကရိန်းဟာ “ငရဲ”လို့ ခေါ်တဲ့ ဒရုန်း-မစ်ဇိုင်းတွေကိုလည်း ထုတ်ပြထားပြီးပါပြီ။  ဒုံးကျည်နဲ့ ဒရုန်း နှစ်မျိုးသုံးလို့ရတဲ့ အဲဒီလက်နက်တွေကို လာမယ့် ၂၀၂၅ ခုနှစ်အတွင်း သုံးသောင်းကျော် တပ်ဆင်ပေးဖို့ ရည်ရွယ်ထားပါတယ်။

မကြာသေးခင်က ယူကရိန်းသမ္မတ ဇလန်းစကီးက ရုရှား-ယူကရိန်းစစ်ပွဲကို သံတမန်နည်းလမ်းနဲ့ ဆွေးနွေးအဖြေရှာပြီး စစ်ပွဲကို ရပ်တန့်လိုတယ်လို့ ထုတ်ပြောထားပေမဲ့ တစ်ဘက်မှာလည်း အမေရိကန်ရဲ့ အခုလို အကူအညီတွေက ယူကရိန်းအတွက် အထောက်အကူဖြစ်စေဦးမှာပဲ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်ကတည်းက စတင်ခဲ့တဲ့ ရုရှား-ယူကရိန်းစစ်ပွဲမှာ အမေရိကန်အနေနဲ့ ယူကရိန်းကို စစ်ဘက်ဆိုင်ရာ လုံခြုံရေး အကူအညီတွေ ပေးခဲ့တာဟာ အခုဆိုရင် ဒေါ်လာ ၆၂ ဘီလီယံအထိ ရှိနေပြီလို့ Aljazeera သတင်းဌာနက ဖော်ပြထားပါတယ်။

လက်ရှိ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်အနေနဲ့ ထရမ့်ဆီကို အာဏာမလွှဲပြောင်းခင်မှာ ယူကရိန်းအတွက် ထောက်ပံ့မှုတွေကို ခပ်စိပ်စိပ်ပြုလုပ်နေပါတယ်။ ထရမ့်လက်ထက်မှာတော့ ယူကရိန်းကို ဆက်လက်ပံ့ပိုးမှု ရှိ၊ မရှိဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရှိရသေးပါဘူး။ သေချာနေတဲ့အချက်တစ်ခုကတော့ ထရမ့်ဟာ ယူကရိန်း၊ နေတိုးအပါအဝင် တခြားမဟာမိတ်တွေအတွက် အမေရိကန်ဘက်က စီးဆင်းနေတဲ့ ထောက်ပံ့မှုတွေကို မနှစ်မြို့ဖြစ်နေတာကတော့ သိသာလှပါတယ်။

****************************************

“ဒီမိုကရေစီကို စစ်အုပ်ချုပ်ရေးနဲ့ ကာကွယ်ချင်သတဲ့”

 

တောင်ကိုရီးယားသမ္မတ ယွန်ဆွတ်ယိုလ်ဟာ သူ့ရဲ့ မအောင်မြင်တဲ့ စစ်အုပ်ချုပ်ရေးအတွက် အခုထိ ခွန်းတုံ့ပြန် ကာကွယ်နေဆဲဖြစ်ပါတယ်။ စစ်အုပ်ချုပ်ရေး ထုတ်ပြန်ခဲ့ရတာဟာ သူ့အနေနဲ့ လုပ်သင့်တာကို လုပ်ခဲ့တာလို့လည်း ဆိုပါတယ်။ အတိုက်အခံပါတီက အမတ်တွေဟာ သူ့ကို တရားစွဲဆိုမှုတွေ ပြုလုပ်နေလို့ တောင်ကိုရီးယားရဲ့ ဒီမိုကရေစီစနစ် ဆက်လက်ရှင်သန်ဖို့အတွက် ကာကွယ်လိုက်တဲ့ သဘောဖြစ်တယ်လို့ စစ်အုပ်ချုပ်ရေးကြေညာချက် မအောင်မြင်ခဲ့ပြီးနောက် ထွက်ပြောတဲ့ မိန့်ခွန်းမှာ ထည့်သွင်းအသိပေးထားပါတယ်။

လက်ရှိမှာ သမ္မတယွန်ဟာ စုံစမ်းစစ်ဆေးမှုတွေနဲ့ ရင်ဆိုင်နေရပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက်နေ့မှာ တောင်ကိုရီးယားရဲတပ်ဖွဲ့က သမ္မတရဲ့ ရုံးခန်းကို ဝင်ရောက်ရှာဖွေမှုတွေ ပြုလုပ်ခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။  စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့ ဂယက်ဟာ တောင်ကိုရီးယားရဲ့ ထိပ်တန်းအရာရှိတွေမှာလည်း သက်ရောက်မှုတွေ ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်နေ့မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကာကွယ်ရေးဝန်ကြီးဟောင်း ကင်ယုန်ဟွန်းဟာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့အထိ ကြိုးစားခဲ့ပေမဲ့ မအောင်ခဲ့ပါဘူး။

သမ္မတယွန်ကတော့ ပြီးခဲ့တဲ့ အဖြစ်အပျက်တွေအတွက် တောင်ကိုရီးယား ပြည်သူတွေကို တောင်းပန်ခဲ့ပေမဲ့ လက်ရှိအထိ သူမမှားကြောင်း ဆက်လက် ဆုပ်ကိုင်ထားဆဲဖြစ်ပါတယ်။ နိုင်ငံရေး အတိုက်အခံတွေကသာ နိုင်ငံတော်ကို ဆန့်ကျင်သူတွေ ဖြစ်ကြတယ်လို့ ပြင်းပြင်းထန်ထန် ရှုတ်ချထားပါတယ်။ သူ့ဘက်ကတော့ တောင်ကိုရီးယားရဲ့ ဖွဲ့စည်းပုံအတိုင်း ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ အသိပေးပါတယ်။

ဒါပေမဲ့လည်း သမ္မတယွန်ရဲ့ ထိုင်ခုံဟာ အနည်းနဲ့အများတော့ လှုပ်ခတ်နေပါတယ်။ ယွန်ဟာ သမ္မတအဖြစ် ဆက်ရှိသင့်၊ မသင့်ဆိုတဲ့ စဉ်းစားချက်တွေနဲ့အတူ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်တာတွေ ပြုလုပ်နေကြပါတယ်။ စစ်အုပ်ချုပ်ရေး ခြောက်နာရီကြာတဲ့အထိ အမိန့်ပေးခဲ့တဲ့ သမ္မတယွန်ကတော့ သူ့ရဲ့ နိုင်ငံရေးသိက္ခာဟာ တစ်ရက်မပြည့်တဲ့ ကာလအတွင်းမှာပဲ ကျဆင်းခဲ့ရပြီး တောင်ကိုရီးယားနိုင်ငံရေးသမားတချို့ရဲ့ ဝေဖန်မှုတွေကို ဆက်တိုက်ဆိုသလို ခံနေရပါတယ်။

****************************************

“ဗိုင်းရပ်စ်နမူနာတွေကို ဘယ်သူယူသွားတာလဲ”

 

ဩစတြေးလျနိုင်ငံရဲ့ အကြီးအကဲတွေကတော့ ခေါင်းမီးတောက်နေရပါပြီ။ ဓာတ်ခွဲတစ်ခုက ဗိုင်းရပ်စ်နမူနာတွေ ပျောက်ဆုံးလို့ ဖြစ်ပါတယ်။ ဒီဗိုင်းရပ်စ် နမူနာတွေဟာ အသက်အန္တရယ် အလွန်ကြီးတဲ့အတွက် နိုင်ငံအတွင်းမှာ စုံစမ်းစစ်ဆေးမှုတွေလည်း ပြုလုပ်နေကြပါတယ်။

Hendra virus၊ Lyssavirus နဲ့ Hantavirus စတဲ့ ဗိုင်းရပ်စ်အမျိုးအစားတွေအပါအဝင် ကူးစက်နိုင်တဲ့ ဗိုင်းရပ်စ်ထည့်သွင်းထားတဲ့ ဖန်ပြွန် ၃၀၀ ကျော်ဟာ ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။ ဒီဗိုင်းရပ်စ်တွေ ပါဝင်တဲ့ ဖန်ပြွန်တွေဟာ မသမာသူတွေ လက်ထဲကို ရောက်သွားခဲ့မယ်ဆိုရင် မတွေးဝံ့စရာ အခြေအနေလို့ ဆိုပါတယ်။

ကျွမ်းကျင်သူတွေကတော့ ဒီဖြစ်စဉ်အတွက် အရေးတယူဆောင်ရွက်ပေးဖို့ တောင်းဆိုထားပြီး အခုဖြစ်ရပ်ဟာ ဩစတြေးလျအတွက် ကြီးမားတဲ့ ဇီဝလုံခြုံရေး ကျိုးပေါက်မှုတစ်ခုအဖြစ် သုံးသပ်နေကြပါတယ်။ ဒီဗိုင်းရပ်စ်တွေထဲမှာ ခွေးရူးပြန်ရောဂါဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်အုပ်စုတွေပါဝင်နေပြီး အခုပျောက်ဆုံးသွားတဲ့ ဗိုင်းရပ်စ်တွေဟာ လူလူချင်းကနေတော့ မကူးစက်နိုင်ဘူးလို့ ဗိုင်းရပ်စ်ကျွမ်းကျင်သူ တချို့က အသိပေးထားပါတယ်။

ဒီဗိုင်းရပ်စ်ဖန်ပြွန်တွေဟာ ၂၀၂၃ ခုနှစ် ဩဂုတ်လကတည်းက ပျောက်ဆုံးသွားခဲ့တာလို့ ဆိုပါတယ်။ အခုမှ ထုတ်ပြောလာတဲ့ သဘောလည်း ဖြစ်ပါတယ်။ တစ်နှစ်ကျော်ကြာနေပြီဖြစ်တဲ့ ဗိုင်းရပ်စ်နမူနာတွေ ပျောက်ဆုံးမှုဟာ အခုထိ အစဖော်လို့ မရသေးပါဘူး။ ပျက်စီးသွားပြီလား ဒါမှမဟုတ် လူတချို့ရဲ့ လက်ထဲမှာ ဆက်လက်ရှိနေသေးလားဆိုတာ အတည်ပြုဖို့ ခက်ခဲနေတဲ့အပြင် တစ်နှစ်ကျော်ကြာမှ ထုတ်ပြောလာတဲ့ ဩစတြေးလျအစိုးရကတော့ ဝေဖန်ခံရပါတယ်။

“ဇူကာဘက်ရဲ့ ထရမ့်အတွက် အလှူ”

အမေရိကန် ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ပတ်သက်ရင် တွဲကပ်မြင်နေမိတဲ့ ဘီလျံနာသူဌေးဟာ အီလွန်မက်ခ်ဖြစ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်းမြင်သာပါတယ်။ ထရမ့် အမေရိကန် သမ္မတဖြစ်မြောက်ရေးအတွက် နောက်ကွယ်ကနေ ကူညီနေသူဆိုရင်လည်း မမှားပါဘူး။ အခုတော့ ဖေ့ဘွတ်ခ်မက်တာကုမ္ပဏီရဲ့ ပိုင်ရှင် သူဌေးဇူကာဘက်က ထရမ့်အတွက် သမ္မတ ကျမ်းကျိန်ပွဲမှာ အသုံးပြုဖို့ ဒေါ်လာတစ်သန်းလှူဒါန်းလိုက်ပါတယ်။

ထရမ့်နဲ့ ဇူကာဘက်ကြားမှာ အရင်က သမိုင်းကြောင်းဆိုင်ရာ အချေအတင်လေးတွေ ရှိခဲ့ဖူးပြီး အဲဒီတုန်းက ဖေ့ဘွတ်ခ်ဟာ ထရမ့်ကို တိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ စွပ်စွဲခံရဖူးပါတယ်။ အခု ဒေါ်လာတစ်သန်းလှူဒါန်းမှုဟာ သမ္မတပါဝါကို မကြာခင်မှာ အပြည့်အဝရတော့မဲ့ ထရမ့်ကို ဆက်ဆံရေးပိုင်းဆိုင်ရာအရ ဇူကာဘက်အနေနဲ့ ကမ်းလှမ်းလိုက်တဲ့ လှူဒါန်းမှုတစ်ခုအဖြစ် ရှုမြင်နေကြပါတယ်။

ထရမ့်ရဲ့ အကောင့်တွေကို ဖေ့ဘွတ်ခ်၊ အင်စတာဂရမ်စတဲ့နေရာတွေကနေ ဇူကာဘက်က ဖြုတ်ချပစ်တာတွေနဲ့ သူတို့နှစ်ဦးကြား ပဋိပက္ခတွေကြောင့် ထရမ့်ကလည်း ဇူကာဘက်ကို ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ ဝင်ရှုပ်ရင် ထောင်ထဲ ထည့်ပစ်မယ်လို့ ခြိမ်းခြောက်တာတွေလုပ်ခဲ့ပါတယ်။

ဇူကာဘက်ရဲ့ မက်တာကုမ္ပဏီဟာ ကိုယ်ရေးကိုယ်တာ အချက်အလက် မလုံခြုံမှုတွေအပြင် စျေးကွက်လွှမ်းမိုးမှုနဲ့ သတင်းအမှားတွေ ဖြန့်ဝေတဲ့နေရာမှာ အရှိန်အဟုန်နဲ့ ဖြစ်ပေါ်နေတဲ့ ပလက်တစ်ခုလို့ ဝေဖန်မှုတွေခံရတာပါ။  အမေရိကန် လွှတ်တော်ထဲမှာလည်း အရေးကြီးတဲ့ အစိတ်အပိုင်း တစ်ခုအဖြစ်လည်း ဆွေးနွေးငြင်းခုန်နေကြဆဲ ဖြစ်ပါတယ်။

ဇူကာဘက်အနေနဲ့ နောင်လာမယ့် ထရမ့်ရဲ့ အုပ်ချုပ်ရေး အစီအမံတွေအောက်မှာ သူ့ရဲ့ ကုမ္ပဏီကို လိုက်လျောညီထွေရှိစေပြီး ချောမွေ့တဲ့ ဆက်ဆံရေးတွေနဲ့ ဖြတ်သန်းချင်ပုံပေါ်နေပါတယ်။ အခုလို လှူဒါန်းမှုမျိုးဟာ ပထမဆုံး ထရမ့်သမ္မတဖြစ်တဲ့ ကာလမှာလည်း မရှိခဲ့ဘူးသလို လက်ရှိသမ္မတ ဂျိုးဘိုင်ဒင်လက်ထက်မှာလည်း အခုလို လှူဒါန်းမှုတွေ မလုပ်ခဲ့ဖူးပါဘူး။

ဆက်စပ်သတင်းတွေအရ အမေရိကန် ရွေးကောက်ခံသမ္မတ ထရမ့်ဟာ ကျမ်းကျိန်ပွဲမှာ တရုတ်သမ္မတ ရှိကျင့်ဖျင်ကို ဖိတ်ခေါ်ထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒေါ်နယ်ထရမ့်ဟာ တိုင်းမ်း မဂ္ဂဇင်းရဲ့ တစ်နှစ်တာ အထူးခြားဆုံးလူအဖြစ် ရွေးချယ်ခံရတယ်လို့ နိုင်ငံတကာသတင်းတွေက ရေးသားဖော်ပြထားပါတယ်။

****************************************

“အမေရိကန်ပြည်ထောင်စုဆီ ခရီးမသွားကြနဲ့”

 

ရုရှားနိုင်ငံဟာ သူတို့ရဲ့ နိုင်ငံသားတွေကို အမေရိကန်ပြည်ထောင်စုဆီ ခရီးမသွားကြဖို့ သတိပေးထားပါတယ်။ အမေရိကန်၊ ကနေဒါနဲ့ အီးယူနိုင်ငံတွေကို လောလောဆယ်မှာ ရှောင်ထားဖို့လိုတယ်လို့ ဆိုပါတယ်။ ဒီဇင်ဘာ ၁၁ ရက်နေ့က သတိပေးချက်မှာ အမေရိကန်ကို ရောက်သွားရင် အမေရိကန်အာဏာပိုင်တွေရဲ့ ဖမ်းဆီးတာကို ရုရှားနိုင်ငံသားတွေအနေနဲ့ ရင်ဆိုင်ကြုံတွေ့ရမယ်ဆိုတဲ့ အချက်တွေပါ ပါဝင်နေတာပါ။

ရုရှား-ယူကရိန်းစစ်ပွဲမှာ အမေရိကန်ဟာ ယူကရိန်းဘက်မှာ ခိုင်မာတဲ့ ကူညီသူအဖြစ် ရှိနေပါတယ်။ ဒါကြောင့်လည်း ရုရှားဟာ အမေရိကန်ကို မကြည်ဖြူဘဲ နှစ်နိုင်ငံကြားက ဆက်ဆံရေးဟာ ပိုမိုဆိုးရွားတဲ့ အခြေအနေကို ရောက်ရှိခဲ့ရတာ ဖြစ်ပါတယ်။ ရုရှားနိုင်ငံခြားရေးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာခါရိုဗာက ဒီဇင်ဘာ ၁၁ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အမေရိကန်ဟာ အန္တရာယ်တွေနဲ့ ပြည့်နှက်နေတဲ့ နေရာဖြစ်တယ်လို့ ပြောပါတယ်။

အမေရိကန်ဟာ သူတို့နိုင်ငံထုတ် အဆင့်မြင့်လက်နက်တွေနဲ့ ယူကရိန်းကို ပံ့ပိုးထားပြီး အဲဒီလက်နက်တွေဟာ ရုရှားအတွက် အတော့်ကို ထိခိုက်မှုတွေ၊ ဆုံးရှုံးမှုတွေ များပြားနေတာပါ။ ဘိုင်ဒင်အစိုးရဟာ သူတို့ အာဏာမလွှဲခင် ကာလအတွင်းမှာ ယူကရိန်းကို စစ်ဘက်ဆိုင်ရာ အကူအညီတွေ ပိုမိုတိုးပြီး ထောက်ပံ့နေတာ မြင်သာလှပါတယ်။ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ကတော့ ဒီလိုကူညီမှုတွေအတွက် ကြာသပတေးနေ့ထုတ် တိုင်းမ်းမဂ္ဂဇင်းနဲ့ တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ အမေရိကန်ပံ့ပိုးထားတဲ့ လက်နက်တွေနဲ့ ရုရှားနိုင်ငံအတွင်း တိုက်ခိုက်နေမှုကို အပြင်းအထန် ဝေဖန်ခဲ့ပါတယ်။

ထရမ့်ဟာ သူသာ သမ္မတဖြစ်ရင် ရုရှား-ယူကရိန်း စစ်ပွဲကို အဆုံးသတ်ပစ်မယ်လို့ ကြွေးကြော်ထားတာကြောင့် မကြာခင်ကာလအတွင်း ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းတွေဟာ ပြောင်းလဲလာဖို့ မျှော်လင့်ရပါတယ်။ ထရမ့်ကတော့ “ဒီစစ်ပွဲကို ကျွန်တော်တို့ အရှိန်မြှင့်ပြီး ပိုဆိုးအောင်လုပ်နေတယ်။ ဒါကို ခွင့်မပြုသင့်ဘူး”လို့ အသိပေးထားပါတယ်။