ဒီတစ်ပတ် ငါတို့နိုင်ငံ ဘာထူးလဲ? (ဒီဇင်ဘာလ ၉ ရက်ကနေ ၁၄ ရက်နေ့အထိ)

Author ကိုထားဝယ်
Categories
Published on Dec 14, 2024

ဒီတစ်ပတ် (ဒီဇင်ဘာလ ၉ ရက်ကနေ ၁၄ ရက်နေ့အထိ) အတွင်း ရခိုင်စစ်မြေပြင်က အောင်ပွဲသတင်းတွေ တပြိုင်နက်ထွက်ပေါ်လာပါတယ်။ အဲဒီလိုပဲ ချင်းဘက်မှာလည်း စခန်းသိမ်းတိုက်ပွဲတွေရှိနေသလို ကချင်ပြည်၊ ဗန်းမော်နဲ့ မံစီ မြို့သိမ်းတိုက်ပွဲတွေ ဒီတစ်ပတ်ထဲ ဆက်လက်ပြင်းထန်နေပါတယ်။ အဲဒီအချိန်မှာပဲ တရုတ်ဘက်က ပိတ်ထားတဲ့ ကချင်ပြည်က နယ်စပ်ဂိတ်တွေကို ပြန်ဖွင့်ပေးလိုက်ပါတယ်။ ဒီဇင်ဘာ ၈ ရက်နေ့ကတည်းက တရုတ်ရောက်နေတဲ့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လတော့ ပြန်မလာသေးပါဘူး။ အဲဒီလို တော်လှန်ရေးတိုက်ပွဲသတင်းတွေနဲ့အတူ မြန်မာ့စီးပွားရေး အနုတ် ၁ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်တဲ့သတင်း၊ စစ်တပ်ပြုစုထားတဲ့ ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းတွေ ပြန်ထုတ်ပြန်တဲ့သတင်း၊ ရေတပ်တွေပေါင်းစည်းဖို့ စစ်ကောင်စီပြင်လာတဲ့သတင်းနဲ့ ဒီဇင်ဘာ ၁၆ ရက်မှာ ဘတ်ဖွင့်မယ့်သတင်းတွေကို ဒီတစ်ပတ်ထူးခြားသတင်းတွေအနေနဲ့ အနှစ်ချုပ်ဖော်ပြထားပါတယ်။

****************************************

 

“၂၀၂၅ မှာ အလုံးစုံလွတ်မြောက်နယ်မြေဖြစ်ဖို့ အလွန်နီးစပ်လာတဲ့ ရခိုင်မြေ”

 

ရခိုင်ပြည်ကို လာမယ့် ၂၀၂၅ နှစ်မကုန်ခင် စစ်ကောင်စီကင်းစင်နယ်မြေအဖြစ် လုပ်ဆောင်ပေးမယ်လို့ အာရက္ခတပ်တော်-AA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ရခိုင်ပြည်သူတွေကို ပြောဆိုထားပါတယ်။

 

AA တပ်ဖွဲ့ဝင်တွေဟာ သူတို့ခေါင်းဆောင်ရဲ့ ပြည်သူအပေါ်ပေးတဲ့ကတိစကားပြည့်ဝဖို့ တစိုက်မတ်မတ်ကြိုးစားနေတာ ဒီတစ်ပတ်ထဲ သိမ်းဖို့ကျန်နေတဲ့ မြို့နယ်သုံးခုက နောက်ဆုံးခံတပ်တွေကို တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ပြီဖြစ်ပါတယ်။

 

မောတောမြို့နယ်၊ မြို့သူကြီးရွာထဲက အမှတ်(၅)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ(နခခ-၅)၊ အမ်းမြို့နယ်ထဲက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)၊ တောင်ကုတ်မြို့နယ်ထဲက စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ)-၅ တို့ကို သိမ်းပိုက်ထိန်းချုပ်လိုက်နိုင်တာဖြစ်ပါတယ်။ နခခ-၅ ကိုသိမ်းပိုက်တာကို AA ဘက်က တရားဝင်ထုတ်ပြန်ထားပေမဲ့ နပခနဲ့ စကခ-၅ သိမ်းပွဲတွေအကြောင်းတော့ မထုတ်သေးပါဘူး။

 

မောင်တောမြို့က နခခ-၅ စခန်းကို ဒီဇင်ဘာ ၈ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်လိုက်နိုင်တဲ့အတွက် မောင်တောတစ်မြို့နယ်လုံးကို သိမ်းပိုက်လိုက်နိုင်ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက်လုံးကို ထိန်းချုပ်လိုက်နိုင်ပြီလို့ AA က ဒီဇင်ဘာ ၁၁ ရက် ဗုဒ္ဓဟူးနေ့မှာ တရားဝင်ထုတ်ပြန်ခဲ့တာပါ။

 

မောင်တောကို ရခိုင်မှာတစ်ကျော့ပြန်တိုက်ပွဲတွေ ပြန်လည်စတင်တဲ့ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့ပြီး ဒီနှစ် ၂၀၂၄ ၊ စက်တင်ဘာလ ၈ ရက်နေ့မှာပဲ မောင်တော တစ်မြို့လုံးကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပါတယ်။

 

အဲဒီနောက် နခခ-၅ စခန်းကို အောက်တိုဘာ ၁၄ ရက်နေ့မှာ စတင်ထိုးစစ်ဆင်ခဲ့ပြီး ၅၅ ရက်အကြာ ဒီတစ်ပတ် တနင်္ဂနွေနေ့မှာ အပြီးသတ်သိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီစခန်းကို အာရက္ခစစ်သည်တော်တွေဟာ တစ်လက်မချင်းတိုးပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရတဲ့အထိ ခက်ခဲခဲ့တယ်လို့ AA က ပြောထားပါတယ်။

 

အဲဒီစခန်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်၊ သူတို့နဲ့ ပူးပေါင်းတိုက်ခိုက်နေတဲ့ မွတ်ဆလင်လက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ RSO၊ ARSA၊ ARA နဲ့ စစ်ကောင်စီက သင်တန်းပေးထားတဲ့ မွတ်ဆလင်လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေအပြင် မောင်တောဒေသအနီး ထွက်ပြေးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပါအဝင် အင်အား ၇၀၀ လောက်ရှိမယ်လို့လည်း အာရက္ခတပ်တော်-AA က ခန့်မှန်းပြောထားပါတယ်။

 

အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်ပေါင်း ၄၅၀ ထက်မနည်းသေဆုံးနိုင်ပြီး စကခမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်းနဲ့ သူ့ရဲ့ကိုယ်ရေးအရာရှိ ဗိုလ်ကြီး ဝေလင်းအောင်အပါအဝင် အရာရှိတွေ၊ RSO၊ ARSA၊ ARA နဲ့ စစ်ကောင်စီက သင်တန်းပေးထားတဲ့ မွတ်ဆလင်လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကို သုံ့ပန်းအဖြစ်ဖမ်းဆီးရမိခဲ့သလို လက်နက်ခဲယမ်းအမြောက်အမြားလည်းသိမ်းဆည်းရမိခဲ့တယ်လို့ ဆိုထားပါတယ်။

 

တဖန် အမ်းက နပခကို AA က ယမန်နေ့ ဒီဇင်ဘာလ ၁၃ ရက်မှာ အလုံးစုံနီးပါးသိမ်းပိုက်ရရှိထားပြီး ထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ AA တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေတယ်လို့ CJ Platform ရဲ့ ခိုင်လုံတဲ့ AA စစ်ရေးသတင်းရင်းမြစ်တွေဆီက သိထားရတာဖြစ်ပါတယ်။

 

အမ်းမြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ နပခကလွဲလို့ ကျန်တပ်စခန်းတွေအားလုံးကို သိမ်းပိုက်ရရှိထားတဲ့အကြောင်း ပြီးခဲ့တဲ့ဒီဇင်ဘာလ ၆ ရက်နေ့မှာ AA က ထုတ်ပြန်ထားပါတယ်။

 

အမ်းမြို့သိမ်းတိုက်ပွဲကို ဒီနှစ် မတ်လ ၂၄ ရက်နေ့မှာ AA က စတင်ခဲ့တာဖြစ်ပြီး မြို့သိမ်းတိုက်ပွဲ ရှစ်လအတွင်း နပခက တိုင်းမှူးနဲ့ ဒု-တိုင်းမှူးအပါအဝင် အရာရှိတွေထွက်ပြေးသွားတဲ့အပြင် လက်ရှိနပခကို ဦးဆောင်နေတဲ့ ယာယီဗိုလ်မှူးချုပ် ကျော်ကျော်သန်းကလည်း တိုက်ပွဲအတွင်း ထွက်ပြေးပျောက်ဆုံးနေတယ်လို့ ပြောဆိုမှုတွေရှိသလို သေဆုံးသွားပြီလို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။

 

ဒါ့အပြင် တောင်ကုတ်က စကခ-၅ ကို ဒီဇင်ဘာလ ၁၄ ရက် စနေနေ့မှာ အာရက္ခတပ်တော်(AA)က ထပ်မံသိမ်းပိုက်ရရှိပြီလို့ CJ Platform ရဲ့ စစ်ရေးသတင်းရင်းမြစ်တွေက အတည်ပြုပါတယ်။

 

ဒီဇင်ဘာ ၁၃ ရက် သောကြာနေ့မှာ တောင်ကုတ်မြို့နယ်အတွင်း နောက်ဆုံးကျန်တဲ့ စကခ-၅ က ဗိုလ်မှူးတွေအပါအဝင် တပ်သားရာချီလက်နက်ချခဲ့ပြီးနောက် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

 

တောင်ကုတ်မြို့သိမ်းတိုက်ပွဲကို အောက်တိုဘာလ ၃၁ ရက်နေ့မှာ စတင်ခဲ့ပြီး မြို့သိမ်းတိုက်ပွဲ တစ်လခွဲအတွင်းမှာ တောင်ကုတ်မြို့နဲ့ စစ်ကောင်စီရဲ့တပ်စခန်းတွေအားလုံးကို AA က သိမ်းပိုက်ရရှိခဲ့ပါတယ်။

 

ဒါကြောင့် ရခိုင်ပြည်အတွင်း မြို့နယ် ၁၇ ခုရှိတဲ့အနက် ၁၃ မြို့နယ်ကို AA က သိမ်းပိုက်ထားပြီး ချင်းပြည်၊ ပလက်ဝမြို့နယ်အပါအဝင်ဆိုပါက ၁၄ မြို့နယ်အထိ AA တပ်တွေ သိမ်းပိုက်ထိန်းချုပ်ထားပြီးဖြစ်ပါတယ်။

 

လက်ရှိမှာတော့ AA သိမ်းပိုက်ဖို့ကျန်ရှိနေတဲ့ မြို့နယ်တစ်ခုဖြစ်တဲ့ ဂွမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့တို့မှာတော့ စစ်ရေးတင်းမာနေပါတယ်။

****************************************

 

“စစ်ကောင်စီလက်ထက် မြန်မာ့စီးပွားရေး အနုတ် ၁”

 

စစ်အာဏာသိမ်းပြီးနောက် ထိုးဆင်းသွားတဲ့ နိုင်ငံ့စီးပွားရေးဟာ အခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် မတ်လကုန်မှာ အနုတ် ၁ ရာခိုင်နှုန်း အထိကျဆင်းသွားမှာဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်က ဒီတစ်ပတ် ဒီဇင်ဘာလ ၁၁ ရက် ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ပါတယ်။

 

ဦးသိန်းစိန်နဲ့ NLD အစိုးရနှစ်ဆက် အရှိန်အဟုန်နဲ့တိုးတက်နေခဲ့တဲ့ မြန်မာ့စီးပွားရေးဟာ လာမယ့်နှစ်တွေထဲ တိုးတက်မှုဆက်လက်နှေးကွေးနေမယ်လို့ ကမ္ဘာ့ဘဏ်က ပြီးခဲ့တဲ့ ခြောက်လတာထုတ်ပြန်ချက်အဖြစ် အသိပေးထားပြီးနောက် နောက်ထပ်ခြောက်လမှာ အနုတ်ရာခိုင်နှုန်းအထိ ကျဆင်းမယ်လို့ ထုတ်ခန့်မှန်းလိုက်တာဖြစ်ပါတယ်။

 

သဘာဝဘေးအန္တရာယ်ကျ‌ရောက်မှု လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံတွင်းပဋိပက္ခအခြေအနေနဲ့ ကုန်စည်ပြတ်လပ်မှုအခြေအနေတွေကြောင့် စီးပွားရေးမျှော်မှန်းချက်ဟာ အားရစရာမရှိဘူးလို့ ဆိုထားပါတယ်။

 

ကုန်ကြမ်းနဲ့ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ပြည်တွင်းဝယ်လိုအားနည်းမှုတွေကြောင့် နိုင်ငံရဲ့အဓိကထုတ်ကုန် စိုက်ပျိုးရေးကုန်စည်ထုတ်လုပ်ရေးနဲ့ ဝန်ဆောင်မှုကဏ္ဍအသီးသီးမှာ ဆက်လက်ကျဆင်းနေမယ်လို့ ဆိုပြန်ပါတယ်။

 

ကိုဗစ်အလွန်ကာလ မြန်မာ့စီးပွားရေး ပြန်လည်ထူထောင်ရမယ့်အချိန်မှာ အာဏာသိမ်းမှုကြောင့် အခုလို ဖြစ်ရတာဖြစ်ပြီး ကမ္ဘာ့ဘဏ်ရဲ့ မှန်းဆချက်ထက် ပိုမိုကျဆင်းနိုင်တယ်လို့ စီးပွားရေးကျွမ်းကျင်သူတွေက ပြောဆိုကြပါတယ်။

 

ပြည်တွင်းအလုပ်အကိုင်ရှားပါးလာတဲ့အတွက် ပြည်ပသွား‌ရောက် အလုပ်လုပ်ကိုင်သူတွေများလာပြီး အဲဒီလို ပြင်ပထွက်အလုပ်လုပ်ရသူတွေရဲ့ဝင်ငွေကို အဓိကမှီခိုရတဲ့ အိမ်ထောင်စုက ၇ ဒသမ ၅ ရာခိုင်နှုန်းရှိနေတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ထုတ်ပြန်ချက်ထဲ ပါရှိပါတယ်။

 

ဒါပေမဲ့ စစ်ကောင်စီတပ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ လေးနှစ်အတွင်း မြန်မာ့စီးပွားရေးဦးမော့လာနေတယ်လို့ တွင်တွင်ပြောဆိုနေဆဲဖြစ်ပါတယ်။

****************************************

 

“မျက်နှာပြောင်အတိုက်နိုင်ဆုံးဆုရမယ့် စစ်ကောင်စီ”

 

ကမ္ဘာ့ကပ်ရောဂါရှိနေတဲ့ကြားက ပြည်သူတွေဟာ ၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲမှာ တခဲနက် ဆန္ဒမဲထွက်ပေးခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ နှစ်ကြိမ်ဆက် သောင်ပြိုကမ်းပြိုအနိုင်ရခဲ့ပါတယ်။

 

ဒါပေမဲ့ စစ်တပ်နဲ့ စစ်တပ်ကျောထောက်နောက်ခံပါတီ ကြံ့ခိုင်ရေးပါတီတို့ပူးပေါင်းပြီး ရွေးကောက်ပွဲမှာ NLD က မဲလိမ်တယ်ဆိုပြီး မဲမသမာမှုစာရင်းတွေကို သူတို့ရဲ့ လူမှုကွန်ရက်နဲ့ ဝက်ဘ်ဆိုက်တွေကတစ်ဆင့် ထုတ်ပြန်ခဲ့ကြပါတယ်။

 

ဒီတစ်ပတ် ဒီဇင်ဘာ ၁၁ ရက် ဗုဒ္ဓဟူးနေ့မှာလည်း စစ်ကောင်စီလက်အောက်ခံဌာနတွေရဲ့ လူမှုကွန်ရက်နဲ့ ဝက်ဘ်ဆိုက်တွေမှာ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမဲမသမာမှုတရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်လို့ခေါင်းစဉ်တပ်ထားတဲ့ မျက်နှာဖုံးနဲ့အတူ စစ်ကောင်စီက ထုတ်ပြန်ထားတာပါ။

 

အဲဒီထဲ နိဒါန်း၊ နိဂုံးအပြင် ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲကာလ၊ အလွန်ကာလ၊ ခြုံငုံတွေ့ရှိချက်၊ ရလဒ်ပယ်ဖျက်ခြင်းနဲ့ ရွေးကောက်ပွဲအပေါ်သုံးသပ်ချက်ဆိုပြီး အခန်း ၇ ခန်းပါဝင်တာတွေ့ရပါတယ်။

 

မဲမသမာမှုဖြစ်ခဲ့တဲ့ မဲစာရင်းအရေအတွက်က ၁၁ သန်းကျော်ရှိခဲ့တယ်လို့ စစ်ကောင်စီဘက်က ဆိုထားပါတယ်။ အခုထုတ်ပြန်ချက်ကို မြန်မာ၊ အင်္ဂလိပ်၊ ရုရှား၊ တရုတ်နဲ့ ဂျပန်ဘာသာတွေနဲ့ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

 

ဒီစာရင်း ထပ်မံထုတ်ပြန်လာတာနဲ့ပတ်သက်ပြီး ပြည်သူတချို့က ဒေါသတကြီး တုံ့ပြန်ပြောဆိုမှုတွေပြုလုပ်ခဲ့ကြပါတယ်။

 

စစ်တပ်က ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ NLD အစိုးရဘက်က မဲမသမာမှုလုပ်တယ်ဆိုပြီး လွှတ်တော်သစ်တွေ ပြန်လည်စတင်မယ့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာပဲ အာဏာသိမ်းခဲ့ပြီးနောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့အပါအဝင် NLD အစိုးရအဖွဲ့အားလုံးကို မနက်အစောပိုင်းမှာပဲ ဖမ်းဆီးထောင်ချခဲ့ပါတယ်။

****************************************

 

“ပြုန်းတီးနေတဲ့အင်အားတွေစုဖို့ ပြင်ဆင်နေတဲ့ စစ်ကောင်စီရေတပ်”

 

စစ်ကောင်စီရေတပ်ဟာ ရခိုင်ပြည်၊ သံတွဲက ပင်မရေတပ်ကျသွားခဲ့ရသလို တိုက်ပွဲတိုင်းလိုလို သေဆုံးသူနဲ့ ထွက်ပြေးသူတွေများပြားနေပါတယ်။

 

ဒါကြောင့် ဖွဲ့စည်းပုံပျက်စီးနေပြီး တနင်္သာရီ၊ မွန်၊ ဧရာဝတီ၊ ရန်ကုန်တိုင်းတို့က ရေတပ်စခန်းတွေကို စုပေါင်းပြီး ဌာနတစ်ခုအနေနဲ့ ဖွဲ့စည်းဖို့ ပြင်ဆင်နေတယ်လို့ ဒီတစ်ပတ် ဒီဇင်ဘာ ၁၀ ရက် အင်္ဂါနေ့မှာ CJ Platform ရဲ့ တပ်တွင်းရင်းမြစ်က ပြောပါတယ်။

 

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်ရှိ အမှတ်(၂)ဗျူဟာစစ်ရေယာဉ်စု-ရဗစ(ဟိန်းဇဲ)၊ မော်လမြိုင်မြို့ရှိ မောရဝတီရေတပ်စခန်းဌာနချုပ်(မရခ)၊ ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းရှိ ပမ္မဝတီရေတပ်စခန်းဌာနချုပ်(ပရခ)၊ ရေတပ်ရေဒါယူနစ်ရှိရာ ရန်ကုန်တိုင်း၊ ကိုကိုးကျွန်းအခြေစိုက်စခန်းတွေကို စုပေါင်းဖွဲ့စည်းဖို့ ပြင်ဆင်နေတာပါ။

 

ဒါ့အပြင် (၇၆)နှစ်မြောက် တပ်မတော်(ရေ)နှစ်ပတ်လည်ပွဲကို အကျဉ်းချုံးကျင်းပခဲ့ရတဲ့ စစ်ကောင်စီဟာ ဒီနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ ကျရောက်မယ့်(၇၇)နှစ်မြောက် တပ်မတော် (ရေ) နှစ်ပတ်လည်ပွဲကို ခမ်းခမ်းနားနားလုပ်ဆောင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

 

CJ Platform ရဲ့ တပ်တွင်းရင်းမြစ်ပြောတာက “ရေတပ်ထဲမှာ မင်းအောင်လှိုင်ကို မုန်းတီးနေသူတွေ အရမ်းများနေပြီ။ တပ်မတော်ရေ နှစ်ပတ်လည်နေ့ကိုလည်း တပ်မိသားစုတွေ မတက်မနေရ တက်ခိုင်းထားတယ်” လို့ ပြောပါတယ်။

 

ဧရာဝတီ​ရေတပ်စခန်းဌာနချုပ်(ဧရခ)ရှိ ဘောလုံးကွင်းအတွင်းကျင်းပမယ့် စျေးရောင်းပွဲတော်ဆီ ဒီဇင်ဘာ ၂၄ ရက်နေ့ ညနေပိုင်းမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် သွားရောက်လည်ပတ်မယ်လို့ တပ်တွင်းသတင်းရင်းမြစ်ရဲ့ သတင်းပေးပို့မှုအရ သိရပါတယ်။

 

ဒီဇင်ဘာ ၂၄ မနက်ပိုင်းမှာ သံလျင်ရေတပ်ဆိပ်ကမ်းမှာ တပ်တော်ဝင်အခမ်းအနားလုပ်ပြီး ညနေ ၅ နာရီမှာ မင်းအောင်လှိုင်နဲ့ အဖွဲ့က သံလျင်ဆိပ်ကမ်းကနေ ဗိုလ်တထောင်သံလျက်စွန်းဆိပ်ကမ်းကတစ်ဆင့် အခမ်းအနားကို တက်မှာဖြစ်တယ်လို့ သိရပါတယ်။

 

ရခိုင်ပြည်တွင်းတိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ရေတပ်ဟာ အထိနာနေပြီး စစ်သင်္ဘော သုံးစင်း၊ ဇက်သင်္ဘော နှစ်စင်းထက်မနည်း ပျက်စီးဆုံးရှုံးထားပြီး စစ်သင်္ဘော လေးစင်းထက်မနည်း ရေမချနိုင်တဲ့အထိ ပျက်စီးဆုံးရှုံးထားပါတယ်။

****************************************

 

“ဖွင့်ဖို့ရာနှုန်းပြည့်ကြိမ်းသေသွားတဲ့ ဘတ်”

 

မြန်မာနိုင်ငံထဲက အခြေအနေတွေကြောင့် ထိုင်းနိုင်ငံထဲ ရွှေ့ပြောင်းလာသူ အဆမတန်မြင့်တက်လာတာနဲ့အတူ ရွှေ့ပြောင်းလုပ်သားများနေတဲ့အတွက် ဒီနှစ်ထဲ ပန်းရောင်ကတ်(ဘတ်)စာရင်းဖွင့်ဖို့ လိပ်ခဲတည်းလည်းဖြစ်နေခဲ့တာပါ။

 

ထိုင်းအစိုးရဘက်က ဒီလ ၃၀ ရက် နောက်ဆုံး နေထိုင်ခွင့်အထောက်အထားလုပ်ပေးမယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာလနောက်ဆုံးပတ်ထဲ ထုတ်ပြန်ခဲ့ပေမဲ့ လုပ်ပေးမယ့်ရက်ကို မထည့်သွင်းထားပါဘူး။

 

ဒီတစ်ပတ် ဒီဇင်ဘာ ၁၃ ရက် သောကြာနေ့မှာတော့ စစ်ကောင်စီရဲ့ဘန်ကောက်ရှိ မြန်မာသံရုံးက လာမယ့်အပတ် ဒီဇင်ဘာ ၁၆ ရက်မှာ ယာယီနေထိုင်အလုပ်လုပ်ကိုင်ခွင့်ဘတ်တွေ ဖွင့်ပေးတော့မယ့်အကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

 

ဒီဇင်ဘာ ၁၆ ရက်ကနေ ၃၀ ရက်အထိ ၁၅ ရက်အတွင်း နာမည်စာရင်း Name List တင်ရမှာဖြစ်ပြီး အလုပ်လုပ်ကိုင်ခွင့်အတွက် ဒီဇင်ဘာ ၃၁ ရက်နေ့ကနေ လာမယ့် ၂၀၂၅ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့အထိ သုံးလအတွင်း ကျန်းမာရေးအာမခံနဲ့ ကျန်းမာရေးစစ်ဆေးတာအပါအဝင် လုပ်ငန်းစဉ်အဆင့်ဆင့်ကို လုပ်ဆောင်ရမှာဖြစ်ပါတယ်။

 

အဲဒီနောက် ၂၀၂၆ ခုနှစ် မတ်လကုန်အထိ ထိုင်းနိုင်ငံအတွင်း တရားဝင်နေထိုင်အလုပ်လုပ်ကိုင်ခွင့် ရရှိမှာဖြစ်တယ်လို့ ဘန်ကောက်သံရုံးရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။