ဖိလစ်ပိုင်မှာ ၂၀၂၄ အတွင်း ၁၅ ခုမြောက် တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်၊ နောက်တစ်ခုလည်း ထပ်ဝင်ဖို့ရှိနေ
ဖိလစ်ပိုင်နိုင်ငံမှာ ဒီနှစ် ၂၀၂၄ အတွက် ၁၅ ခုမြောက် တိုင်ဖွန်းမုန်တိုင်း ယူဆာဂီဟာ ယမန်နေ့ နိုဝင်ဘာ ၁၄ ရက်နေ့ ညနေပိုင်းမှာ ကာဂါယန်ပြည်နယ်၊ ဘက်ဂါအိုမြို့ဆီကို ကုန်းတွင်းဝင်ရောက်တိုက်ခတ်ခဲ့ပြီး အားပြင်းတဲ့ စူပါတိုင်ဖွန်းမုန်တိုင်းအဖြစ် ပြောင်းလဲခဲ့တယ်လို့ ဖိလစ်ပိုင်မိုးလေဝသဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒီကနေ့ နိုဝင်ဘာ ၁၅ ရက်နေ့မှာတော့ ဒေသတွင်းမှာ အိုဖဲလို့ခေါ်တဲ့ မုန်တိုင်းယူဆာဂီဟာ သူ့လမ်းကြောင်းပေါ်က အိမ်တွေလွင့်စင်သွားအောင် တိုက်ခတ်ပြီးနောက် ဖိလစ်ပိုင်မြောက်ပိုင်းမြို့တွေဆီ ဦးတည်နေတယ်လို့ သိရပါတယ်။
အဲဒီမုန်တိုင်းဟာ သိသိသာသာအားပျော့သွားခဲ့ပြီး ထိုင်ဝမ်ဘက်ကို ဆက်လက်ဦးတည်နေတယ်လို့ ဖိလစ်ပိုင်မိုးလေဝသဌာနက ဆက်လက်ဖော်ပြထားပါတယ်။
ဒါပေမဲ့ နောက်ထပ်မုန်တိုင်းတစ်ခုဖြစ်တဲ့ မုန်တိုင်းမန်ယီဟာ အနောက်ပစိဖိတ်သမုဒ္ဒရာထဲမှာ ဆက်လက်ပြင်းထန်လာတဲ့အတွက် ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေကြပြီး အဲဒီမုန်တိုင်းဟာ လာမယ့် စနေ၊ တနင်္ဂနွေနေ့တွေမှာ မြို့တော် မနီလာဒေသနဲ့ အရှေ့ပိုင်းမြို့တွေကို ထိခိုက်စေနိုင်တယ်လို့ အာဏာပိုင်တွေက ခန့်မှန်းထားကြပါတယ်။
မုန်တိုင်းမန်ယီဟာ လာမယ့် တနင်္ဂနွေနေ့ အစောပိုင်းမှာ အားပြင်းတဲ့ စူပါတိုင်ဖွန်းမုန်တိုင်း ဖြစ်လာနိုင်တယ်လို့လည်း ဖိလစ်ပိုင် မိုးဇလက ခန့်မှန်းထားပါတယ်။
မုန်တိုင်းသတင်းတွေကြောင့် ထိခိုက်လွယ်တဲ့ လူမှုအသိုင်းအဝိုင်းတွေမှာ နေထိုင်တဲ့ လူထောင်ပေါင်းများစွာဟာ မုန်တိုင်းမလာခင် ကြိုတင်တိမ်းရှောင်ခဲ့ကြသလို လက်ရှိတိုက်ခတ်နေတဲ့ မုန်တိုင်းယူဆာဂီကြောင့် ထိခိုက်သေဆုံးမှုတွေ မရှိခဲ့ဘူးလို့လည်း သိရပါတယ်။
ကာဂါယန်ပြည်နယ်ရဲ့ ဘေးအန္တရာယ် ကယ်ဆယ်ရေးရုံးအကြီးအကဲ ရူအဲလီရပ်စ်ဆင်းက မြို့က အရာရှိတွေဟာ မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုအတိုင်းအတာကို ဆက်လက်စုံစမ်းနေတယ်လို့လည်း ဆိုပါတယ်။
“မုန်တိုင်းမာစီ(တိုင်ဖွန်း ယင်ဇင်း)ပြီးတဲ့နောက်မှာ တစ်စိတ်တစ်ပိုင်း ဒါမှမဟုတ် လုံးဝလွင့်စင်သွားတဲ့ အိမ်တွေ ပိုများလာခဲ့ပါတယ်။ လက်ရှိမှာ ကျွန်တော်တို့ ပျက်စီးဆုံးရှုံးမှုတွေကို လှည့်ပတ်ကြည့်ပြီး အကဲဖြတ်စစ်ဆေးနေပါတယ်” လို့ မစ္စတာ ရပ်စ်ဆင်းက ဒီကနေ့မှာ ပြောပါတယ်။
တိုင်ဖွန်းမန်ယီတိုက်ခတ်မယ့် လမ်းကြောင်းပေါ်က ထိခိုက်လွယ်တဲ့ နေထိုင်သူတွေကို ဒီကနေ့မှာ ကြိုတင်ရွှေ့ပြောင်းရေး စတင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။
ဖိလစ်ပိုင် မိုးဇလကတော့ မုန်တိုင်းမန်ယီရဲ့ ဗဟိုချက်ဟာ အရှေ့ဆာမာပြည်နယ် ဂျီယန်မြို့ရဲ့ အရှေ့ဘက် ၇၉၅ ကီလိုမီတာ (၄၉၄ မိုင်)အကွာမှာ နောက်ဆုံးတည်ရှိနေပြီး အလယ်ပိုင်းက ပြည်နယ်တွေရဲ့ ကမ်းရိုးတန်းမြို့တွေကို မုန်တိုင်းဒီရေလှိုင်း ၃ မီတာ( ၁၀ ပေ)အထိ မြင့်တက်ပြီး ရိုက်ခတ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။
လက်ရှိ ဖိလစ်ပိုင်ဟာ တစ်လအတွင်း ခြောက်ကြိမ်မြောက်မုန်တိုင်းကို ရင်ဆိုင်နေရပြီး လူဇွန်ကျွန်းကတော့ ထိခိုက်မှုအများဆုံးဖြစ်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ လတွေက တိုက်ခတ်ခဲ့တဲ့ တိုင်ဖွန်းတရာမီနဲ့ တိုင်ဖွန်းကွန်ရေးတို့ဟာ ပြင်းထန်တဲ့ ရေကြီးမှုတွေနဲ့ မြေပြိုမှုတွေကို ဖြစ်ပေါ်စေခဲ့ပြီး လူပေါင်း ၁၆၂ ဦးသေဆုံးပြီး ၂၂ ဦး ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ ဖိလစ်ပိုင်အစိုးရရဲ့ အချက်အလက်တွေအရ သိရပါတယ်။
ဂျပန်မိုးလေဝသဌာနကတော့ နိုဝင်ဘာလအတွင်း အနောက်ပစိဖိတ်သမုဒ္ဒရာမှာ မုန်တိုင်းလေးခု တစ်ပြိုင်တည်းဖြစ်ပေါ်ခဲ့တာဟာ မှတ်တမ်းတွေ စတင်ကောက်ယူခဲ့တဲ့ ၁၉၅၁ ခုနှစ်ကနေ အခုအချိန်အထိ ပထမဦးဆုံးအကြိမ်ဖြစ်တယ်လို့ ဆိုပါတယ်။
ဖိလစ်ပိုင်နိုင်ငံဟာ ပျှမ်းမျှအားဖြင့် တစ်နှစ်ကို အပူပိုင်းမုန်တိုင်း ၂၀ လောက်ရဲ့ ဒဏ်ကိုခံရလေ့ရှိပြီး မိုးသည်းထန်စွာရွာသွန်းမှု၊ လေပြင်းတိုက်ခတ်မှုနဲ့ သေကြေပျက်စီးစေတဲ့ မြေပြိုမှုတွေကိုပါ ကြုံတွေ့ရလေ့ရှိပါတယ်။
ဓာတ်ပုံ – Francis R Malasig/EPA, via Shutterstock
ပုံစာ – ယမန်နေ့က မုန်တိုင်းယူဆာဂီတိုက်ခတ်နေစဉ် လှေကို ဘေးလွတ်ရာရွှေ့နေတဲ့ ဆန်တာအန်နာမြို့က တံငါသည်တစ်ဦးကို တွေ့ရစဉ်
ကိုးကား – Reuters