မြင်းခြံမှာ စစ်ကောင်စီ စစ်ကြောင်းထိုးနေလို့ တိုက်ပွဲပြင်းထန်နေ ဒေသခံ လေးဦးကို စစ်ကောင်စီသတ်ဖြတ်
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်အတွင်း နိုဝင်ဘာ ၁၁ ရက်နေ့ကနေ ဒီကနေ့အထိ အင်အား ၆၀၀ လောက်ပါတဲ့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတယ်လို့ Myingyan Black Tiger(MBT)ရဲ့ တပ်ဖွဲ့တာ၀န်ရှိသူ ကိုမိုက်ခဲက CJ Platform ကို ပြောပါတယ်။
မြင်းခြံခရိုင်အမှတ်-၉ တပ်ရင်း၊ Myingyan Black Tiger(MBT)ရဲ့ စစ်ကြောင်း-၃ နယ်မြေအတွင်းဖြစ်တဲ့အတွက် အဲဒီစစ်ကြောင်းနဲ့ ယမန်နေ့အထိ သုံးရက်ဆက် တိုက်ပွဲတွေပြင်းထန်ခဲ့သလို လေကြောင်းတိုက်ခိုက်မှုတွေလည်း ပြုလုပ်နေတယ်လို့ သူက ပြောပါတယ်။
“မနေ့က အရပ်သားတွေကိုသတ်ခဲ့တယ်။ ခု ပစ္စည်းတွေကို ဖောကားနဲ့လည်း ယူတယ်။ မီးတွေလည်းရှို့နေတယ်” လို့ ကိုမိုက်ခဲက ပြောပါတယ်။
အဲဒီစစ်ကောင်စီစစ်ကြောင်းဟာ ယမန်နေ့ နို၀င်ဘာ ၁၄ ရက်နေ့က ကူရွာနဲ့ ကွမ်းစိုက်ကျေးရွာက အရပ်သားလေးဦးကို သတ်ဖြတ်ခဲ့တယ်လို့ MBT ဆီကနေ သိရပါတယ်။
မြင်းခြံမြို့နယ်အတွင်း ဒီကနေ့ နို၀င်ဘာ ၁၅ ရက်နေ့မှာ တိုက်ပွဲမဖြစ်ပေမဲ့ စစ်ရေးတင်းမာနေဆဲဖြစ်ပြီး စစ်ကောင်စီတပ်တွေက ကွမ်းစိုက်ကျေးရွာမှ နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတယ်လို့ သိရပါတယ်။
“လက်ရှိအနေအထားမှာ တိုက်ပွဲက မဖြစ်ဘူး။ ငြိမ်နေသေးတယ်။ သူတို့နဲ့ မျက်နှာချင်းဆိုင်အနေအထားမှာ ရှိပါတယ်” လို့ ကိုမိုက်ခဲက ဆက်ပြောပါတယ်။
မြင်းခြံမြို့ တောင်ဘက်မှာရှိတဲ့ စစ်ကြောင်း ၃ ရဲ့နယ်မြေဟာ နှစ်ဖက်တပ်ဖွဲ့တွေအတွက် စစ်ရေးအရ အရေးပါသလို မြင်းခြံ-တောင်သာ-မလှိုင်လမ်းမကြီး ဘေးမှာတည်ရှိတာကြောင့် စစ်ကောင်စီတပ်တွေ ဖြတ်သန်းသွားလာလို့မရတဲ့အနေအထားဖြစ်တယ်လို့ ကိုမိုက်ခဲက ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်း မြင်းခြံကို ၀င်ရောက်ခဲ့တဲ့ သုံးရက်တာကာလအတွင်း စစ်ကောင်စီတပ်က လေကြောင်းကနေ ၁၅ ကြိမ်ထက်မနည်းလာရောက်ပြီး ဗုံးအလုံး ၁၀၀ ကျော် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးခဲ့ပြီး စစ်ကောင်စီရဲ့ ဒရုန်းတစ်စင်း သိမ်းပိုက်ရရှိခဲ့တယ်လို့ MBT ဆီကနေ သိရပါတယ်။
MBT တပ်ဖွဲ့ဘက်က ရဲဘော်တစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ခဲယမ်းမလုံလောက်မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဘက်က ဆုတ်ခွာထားတယ်လို့ သိရပါတယ်။
အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်ကနေ ဒီနှစ် ၂၀၂၄၊ နိုဝင်ဘာလ ၁၄ ရက်နေ့အထိ စစ်ကောင်စီကြောင့် သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူနဲ့ ပြည်သူစုစုပေါင်း အယောက် ၆၀၀၀ နီးပါးအထိရှိပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)ဆီကနေ သိရပါတယ်။
ရုပ်သံ- Myingyan Black Tiger (MBT)