ရခိုင်တစ်ပြည်လုံး ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်

Author သုတ
Categories
Published on Oct 15, 2024

အာရက္ခတပ်တော် AA က မြို့အများစုကို ထိန်းချုပ်ထားတဲ့ ရခိုင်တစ်ပြည်လုံးမှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတယ်လို့ CJ Platform က စုံစမ်းသိရှိရပါတယ်။

 

အောက်တိုဘာလ ၁၂ ရက်နေ့ ညနေပိုင်းကတည်းက မြို့နယ်အများစု ဖုန်းလိုင်းပြတ်တောက်နေပြီး နောက်တစ်နေ့ အောက်တိုဘာလ ၁၃ ရက်မှာတော့ တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ ဖြတ်တောက်ခံလိုက်ရတာဖြစ်တယ်လို့ သိရတာပါ။

 

CJ Platform ရဲ့ဆက်သွယ်မှုအရ ယမန်နေ့ အောက်တိုဘာလ ၁၄ ရက် မနက်ပိုင်းမှာ စစ်တွေ၊ အမ်းနဲ့ ဂွ စတဲ့မြို့နယ်တွေက MPT နဲ့ ATOM ဖုန်းလိုင်းတချို့ အဆက်အသွယ်ရရှိခဲ့ပေမဲ့ လက်ရှိမှာတော့ လုံးဝပြတ်တောက်သွားပြီဖြစ်ပါတယ်။

 

ရန်ကုန်မှာ စစ်ဘေးရှောင်နေတဲ့ ရခိုင်အမျိုးသမီးတစ်ဦးက “စနေနေ့ညကစပြီး တချို့နေရာတွေမရတော့ဘူး။ မနေ့ကတော့ အကုန်လုံးဖြတ်ပစ်တာ။ စစ်တွေကို မနေ့က MPT နဲ့ ဆက်လိုက်ရသေးတယ်။ ဒါပေမဲ့ ဖုန်းဝင်သွားတယ်ဆိုရုံပဲ။ သူပြောတာလည်းမကြားရ ကိုယ်ပြောတာလည်း သူမကြား။ ခဏနေတော့ပြန်ကျသွားတယ်” လို့ ပြောပါတယ်။

 

အခုလို ဖုန်းလိုင်းဖြတ်တောက်ခြင်းဟာ စစ်ကောင်စီက ၎င်းတို့ရဲ့ လူ့အခွင့်အရေးချိုးဖောက်တဲ့လုပ်ရပ်တွေကို သတင်းအမှောင်ဖုံးဖို့ရည်ရွယ်တာဖြစ်တယ်လို့ စစ်တွေမြို့ကနေ ရန်ကုန်မြို့ဆီ စစ်ဘေးရှောင်နေသူတစ်ဦးက ပြောပါတယ်။

 

“သူတို့ဗုံးကြဲတာတွေ သတင်းမတက်လာအောင်နဲ့ ဘယ်နေရာမှာ ဘာဖြစ်နေတယ်ဆိုတာ ပြည်သူတွေကို ပေးမသိစေချင်တဲ့သဘောပဲ။ ဒီထက် ကောက်ကျစ်ဖို့ကြံစည်နေတာ” လို့ သူက မှတ်ချက်ပေး ပြောဆိုပါတယ်။

 

ဆက်လက်ပြီး ၎င်းရဲ့ စိုးရိမ်ပူပန်မှုကို အခုလို ဖွင့်ဟပြောကြားပါတယ်။

“အခုဆို ဖုန်းတွေလည်းဆက်မရတော့ ဟိုနေရာ ဗုံးကြဲတာကြားရရင်စိတ်ပူ၊ မကြာဘူး ဘယ်မှာ ဗုံးကြဲပြန်ပြီကြားရရင်စိတ်ပူ။ အဆက်အသွယ်ကမရတော့ စိတ်တွေပူပြီး အိပ်လို့တောင်မရဘူး” လို့ ၎င်းက ပြောပါတယ်။

 

လက်ရှိ မောင်တော၊ အမ်းနဲ့ ဂွမြို့နယ်တို့မှာ နှစ်ဖက်တိုက်ပွဲအလွန်ပြင်းထန်နေပြီး စစ်ကောင်စီတပ်က AA ရဲ့ထိုးစစ်ကို အသည်းအသန်ခုခံကာကွယ်နေပြီး စစ်ရေးနဲ့ မသက်ဆိုင်တဲ့ အရပ်သားနေထိုင်ရာနေရာတွေကိုပါ လေကြောင်းကနေ ပစ်မှတ်ထားတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေတာဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၂ ရက်နေ့ကလည်း မြေပုံမြို့နယ်၊ ယောချောင်းအနီးတဝိုက်ကို စစ်ကောင်စီက တစ်ရက်တည်းမှာ လေးကြိမ်အထိ လာရောက်ဗုံးကြဲခဲ့တာကြောင့် ယောချောင်းတံတားနဲ့ လူနေအိမ်တချို့ပျက်စီးခဲ့ပါတယ်။

 

ဒါ့အပြင် အောက်တိုဘာလ ၁၃ ရက်မှာ ရမ်းဗြဲမြို့နယ်ကိုလည်း ဗုံးကြဲမှုတွေရှိတယ်လို့ ပြောဆိုနေကြပေမဲ့ ဖုန်းလိုင်းအခက်အခဲကြောင့် CJ Platform အနေနဲ့တော့ သီးခြားအတည်ပြုနိုင်တာမျိုး မရှိသေးပါဘူး။

 

စစ်ကောင်စီက ရခိုင်ပြည်တဝှမ်းကို လေကြောင်းကနေ အကြိမ်များစွာ နေ့စဉ်ဆိုသလို ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ထိခိုက်သေဆုံးမှုတွေ တိုးမြင့်လာသလို ပျက်စီးဆုံးရှုံးမှုတွေလည်း များပြားနေပါတယ်။

 

ရခိုင်မှာ မြို့နယ် ၁၇ ခုရှိတဲ့အနက် အာရက္ခတပ်တော်(AA)က မြို့နယ် ၁၀ ခုထိ သိမ်းပိုက်ထားပြီး သိမ်းပိုက်ဖို့ကျန်နေသေးတဲ့အထဲက အမ်း၊ မောင်တော၊ ဂွမြို့နယ်တွေမှာ တိုက်ပွဲပြင်းထန်နေပါတယ်။ ချင်းပြည်၊ ပလက်ဝမြို့နယ်ကိုလည်း ထိန်းချုပ်ထားပါတယ်။ မာန်အောင်မြို့နယ်မှာတော့ တိုက်ပွဲလုံးဝမဖြစ်ပွားသေးပေမဲ့ တောင်ကုတ်၊ စစ်တွေ၊ ကျောက်ဖြူ စတဲ့မြို့နယ်တွေမှာတော့ ထိတွေ့တိုက်ပွဲတချို့ ရှိခဲ့ပါတယ်။

 

သတင်းနဲ့ ဓာတ်ပုံ – သုတ