စစ်ကိုင်းအတွက် စစ်ရေးအရအရေးပါတဲ့ ပင်လည်ဘူးကို ဦးရည်မွန် သွား

Author လဂွန်းအိမ်
Categories
Published on Oct 15, 2024

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)သိမ်းလိုက်တဲ့ စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့ကို ကာကွယ်ရေးဝန်ကြီးဌာန(MoD) ပြည်ထောင်စုဝန်ကြီး ဦးရည်မွန် သွားရောက်ခဲ့တယ်လို့ သတင်းထုတ်ပြန်လာပါတယ်။

 

စစ်ရေးအရအရေးပါတဲ့မြို့ကို သိမ်းပိုက်ပြီး နှစ်ရက်အကြာ အောက်တိုဘာ ၁၀ ရက်နေ့မှာ MoD ကာကွယ်ရေးဝန်ကြီး ရောက်ရှိခဲ့ပြီး မြို့ကိုစစ်ဆေးတာ၊ အောင်ပွဲရရဲဘော်တွေ၊ ဖမ်းမိစစ်သုံ့ပန်းတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ NUG ထုတ်ပြန်ချက်ထဲ ဖော်ပြထားပါတယ်။

 

ပင်လည်ဘူးမြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ဖို့ ၂၀၂၂ ခုနှစ် ဇန်နဝါရီက စတင်တိုက်ခိုက်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘဲ အဲဒီနှစ် ဧပြီလမှာ ဒုတိယအကြိမ်မှာ သိမ်းပိုက်နိုင်ခဲ့ပေမဲ့ စစ်ကောင်စီတပ်ရဲ့ လေကြောင်းရန်ကြောင့် PDF တပ်တွေ မထိန်းနိုင်ခဲ့ပါဘူး။

အဲဒီနောက် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ တတိယအကြိမ်၊ ဒီနှစ် ၂၀၂၄ မေလ ၂၃ ရက်နေ့မှာ စတုတ္ထအကြိမ်အနေနဲ့ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲကို ထပ်မံဆင်နွှဲခဲ့ပါတယ်။ ဒါပေမဲ့ မအောင်မြင်လို့ ဒီနှစ် ဩဂုတ်လ ၁၅ ရက်နေ့မှာ ငါးကြိမ်မြောက် ထပ်တိုက်ခဲ့ရာမှာ(၅၄)ရက်အကြာ၊ အောက်တိုဘာ ၈ ရက်နေ့မှာ သိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

 

လူဦးရေ ၇၀၀၀ ခန့်နေထိုင်တဲ့ ပင်လည်ဘူးမြို့ဟာ ပထဝီဝင်အနေထားအရ တောင်ကုန်းတောင်တန်းထူထပ်ပြီး အရှေ့ဘက်မှာ ဝန်းသို၊ မြောက်ဘက်မှာ ဗန်းမောက်၊ အနောက်ဘက်မှာ ဖောင်းပြင်၊ တောင်ဘက်မှာ ကျွန်းလှ၊ ကောလင်းမြို့တွေနဲ့ ထိစပ်နေပါတယ်။

 

ဒါကြောင့် စစ်ကောင်စီအတွက်သာမက တော်လှန်ရေးအင်အားစုအတွက်လည်း အရေးပါတဲ့မြို့တစ်ခုဖြစ်ပါတယ်။

 

နောက်ပြီး ဧရာဝတီနဲ့ ချင်းတွင်းမြစ်ဝှမ်းတွေကို ဆက်သွယ်ထားတဲ့ လမ်းကြောင်းပေါ်က မဟာဗျူဟာကျတဲ့ မြို့ဖြစ်ပြီး စစ်ကောင်စီအတွက် အရေးပါတဲ့ ခံစစ်လိုင်းတစ်ခုကို ချိုးဖျက်နိုင်ခဲ့တာဖြစ်တယ်လို့ NUG ဘက်က ကြုံးဝါးပြောဆိုထားပါတယ်။

 

ဓာတ်ပုံ – NUG MOD

 

ပုံစာ – NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ပင်လည်ဘူးမြို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးနေပုံ